2 John 1
1:1 အသက်ကြီးသူသည် မြတ်သော သခင်မကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတ္တံ့သော သမ္မာတရားကြောင့်၊ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်းတို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာ ရှိပါ၏။-
1:3 ခမည်းတော်ဘုရားထံတော်ကလည်းကောင်း၊ ခမည်းတော်၏ သားတော်ယေရှုခရစ် အထံကလည်းကောင်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
1:4 ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကို ခံရသည်အတိုင်း၊ သင်၏သားသမီးအချို့တို့သည် သမ္မာတရား၌ ကျင်လည်၍ နေသည်ကို ငါတွေ့သောအခါ၊ အလွန်ဝမ်းမြောက်ခြင်း ရှိ၏။-
1:5 ယခုတွင် ပညတ်တော်သစ်ကို မရေးဘဲလျက်၊ ငါတို့၌ ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား၍၊ သခင်မ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန်၏။-
1:6 ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း၊ ရှေ့ဦးစွာကပင် သင်တို့ ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။
1:7 လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသောသူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ ဖြစ်၏။ အန္တိခရစ်လည်း ဖြစ်၏။-
1:8 ငါတို့သည် ကိုယ်ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။-
1:9 ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။-
1:10 ထိုဒေသနာတော် မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကို သင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။-
1:11 မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။
1:12 သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း၊ စက္ကူပေါ်၌ မင်နှင့်ရေးခြင်းငှာ အလိုမရှိ၊ သင်တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက်ခြင်း စုံလင်မည်အကြောင်း၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြောမည်ဟု မျှော်လင့်လျက်နေ၏။-
1:13 သင်၏မြတ်သောညီမ၏ သားသမီးတို့သည် သင့်ကို နှုတ်ဆက်ကြ၏။ ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်ပြီး၏။