Revelation 19
19:1 ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူအများတို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။-
19:2 စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏ အသွေးကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။-
19:3 တစ်ဖန်တုံ၊ ဟာလေလုယဟူ၍လည်းကောင်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည် ဟူ၍လည်းကောင်း ပြောဆိုကြ၏။-
19:4 အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပျပ်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။
19:5 ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။
19:6 တစ်ဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။-
19:7 ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏။-
19:8 ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။-
19:9 ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍လည်းကောင်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍လည်းကောင်း ငါ့အားပြောဆို၏။-
19:10 ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ ခြေရင်း၌ ပျပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဖက် ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏သက်သေ ဖြစ်သတည်းဟု ငါ့အားပြောဆို၏။
19:11 ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိ သတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။-
19:12 မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတစ်ပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ၏။-
19:13 အသွေး၌ နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။-
19:14 ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။-
19:15 လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့၊ ထက်သော သန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။-
19:16 ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိ၏။
19:17 ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာ ရပ်လျက်ရှိသည်ကို ငါမြင်၏။-
19:18 သူသည် မိုးကောင်းကင်အလယ်၌ ပျံတတ်သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊ အစေခံကျွန်၊ လူလွှတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှာ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။-
19:19 သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှာ စည်းဝေးကြသည်ကို ငါမြင်၏။-
19:20 သားရဲကို ဖမ်းမိကြ၏။ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဖမ်းမိကြ၏။ အသက်ရှင်လျက်ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ချပစ်ကြ၏။-
19:21 ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။