Genesis 18
18:1 ထာဝရဘုရားသည်မံရေပိုင်သောသစ်ပင်များ ရှိရာအရပ်တွင် အာဗြဟံအားကိုယ်ထင်ပြ တော်မူ၏။ နေအလွန်ပူပြင်းသောအချိန်၌ အာဗြဟံသည်မိမိ၏တဲဝမှာထိုင်နေစဉ်၊-
18:2 မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
18:3 ``အရှင်သခင်တို့၊ အရှင်တို့အားဧည့်ဝတ်ပြု ပါရစေ။ အကျွန်ုပ်၏အိမ်သို့မဝင်ဘဲမနေ ပါနှင့်။-
18:4 ခြေဆေးရန်ရေယူခဲ့ပါရစေ။ ဤသစ်ပင် အောက်တွင်အပန်းဖြေနိုင်ပါသည်။-
18:5 အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့မှသာလျှင်အားပြည့်လာ၍ခရီး ဆက်နိုင်ပါမည်။ အရှင်တို့သည်အကျွန်ုပ်အိမ် သို့ကြွရောက်လာကြခြင်းဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ဖြစ်၍အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ၏။ ထိုသူတို့က``သင်ပြောသည်အတိုင်းပြုပါလေ'' ဟုပြန်ပြောလေ၏။
18:6 အာဗြဟံသည်တဲထဲရှိစာရာထံသို့အလျင် အမြန်ဝင်သွားပြီးလျှင်``အကောင်းဆုံးမုန့်ညက် ကိုယူ၍မုန့်အမြန်ဖုတ်ပါ'' ဟုစေခိုင်းလေ သည်။-
18:7 အာဗြဟံသည်နွားအုပ်ရှိရာသို့ပြေးပြီးလျှင် ဆူဖြိုးနုနယ်သောနွားကလေးတစ်ကောင်ကို ရွေးလျက် ကျွန်တစ်ဦး၏လက်သို့အပ်၍ဟင်း လျာကိုအလျင်အမြန်ပြင်ဆင်စေ၏။-
18:8 ထိုနောက်မလိုင်၊ နို့နှင့်အမဲဟင်းတို့ကိုဧည့်သည် များရှေ့၌တည်ခင်းသည်။ သူကိုယ်တိုင်ထိုသူတို့ အားသစ်ပင်အောက်တွင်ဧည့်ခံကျွေးမွေးသဖြင့် သူတို့သည်စားသုံးကြ၏။
18:9 သူတို့က``သင်၏မယားစာရာအဘယ်မှာရှိ သနည်း'' ဟုမေး၏။ အာဗြဟံက``တဲထဲမှာရှိပါသည်'' ဟုပြန် ဖြေ၏။
18:10 တစ်ယောက်သောဧည့်သည်က``ယခုမှစ၍ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန်၌ သင်၏မယားစာရာ၌သားဖွားလိမ့်မည်'' ဟု ဆိုလေ၏။ ထိုအချိန်၌စာရာသည် ထိုသူ၏နောက်ကွယ် တဲဝမှာနေ၍ နားထောင်လျက်ရှိ၏။-
18:11 အာဗြဟံနှင့်စာရာတို့သည်အရွယ်လွန်ကြ ပြီဖြစ်၍ စာရာ၌သွေးဆုံးနေပြီဖြစ်သည်။-
18:12 သို့ဖြစ်၍စာရာက``ငါသည်အို၍အားအင်ကုန် ခန်းလျက်ရှိပြီ။ ကာမစည်းစိမ်ကိုမည်သို့ခံစား နိုင်မည်နည်း။ ထို့အပြင်ငါ၏ယောကျာ်းသည်လည်း အိုပြီ'' ဟုတွေးတောကာပြုံးရယ်လေ၏။
18:13 ထိုအခါထာဝရဘုရားက``စာရာသည် ငါဤ မျှလောက်အရွယ်ကြီးရင့်ကာမှ သားသမီးရ နိုင်ဦးမည်လောဟုဆို၍ အဘယ်ကြောင့်ပြုံး ရယ်ရသနည်း။-
18:14 ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
18:15 စာရာသည်ကြောက်ရွံ့သဖြင့်``ကျွန်မ၊ မရယ် ပါ'' ဟုဆိုလေ၏။ ကိုယ်တော်က``သင်အမှန်ပင်ရယ်သည်'' ဟု မိန့်တော်မူ၏။
18:16 ထိုသူတို့သည်ထွက်ခွာ၍ သောဒုံမြို့ကိုမြင်နိုင် သောနေရာသို့ရောက်ကြ၏။ အာဗြဟံသည် လည်း သူတို့အားပို့ရန်လိုက်ပါလာခဲ့သည်။-
18:17 ထာဝရဘုရားက``ငါပြုမည့်ကိစ္စကို အာဗြဟံအားအသိမပေးဘဲမဖြစ်နိုင်။-
18:18 သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
18:19 သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။
18:20 ထိုနောက်ထာဝရဘုရားက အာဗြဟံအား ``သောဒုံမြို့နှင့်ဂေါမောရမြို့တို့အား အပြစ် တင်စွပ်စွဲသံပြင်းထန်လှ၏။ ထိုမြို့တို့၏ပြစ် မှုသည်လည်းကြီးလေးလှ၏။-
18:21 ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
18:22 ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။-
18:23 အာဗြဟံသည်ထာဝရဘုရားထံချဉ်းကပ် ၍``ကိုယ်တော်သည်အပြစ်မဲ့သူတို့ကို အပြစ် ရှိသူတို့နှင့်အတူအမှန်ပင်သေကြေပျက်စီး စေတော်မူမည်လော။-
18:24 အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။-
18:25 ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
18:26 ထာဝရဘုရားက``သောဒုံမြို့ထဲ၌အပြစ် မဲ့သူဦးရေငါးဆယ်ရှိလျှင် ထိုသူတို့ကို ထောက်ထား၍တစ်မြို့လုံးကိုငါချမ်းသာပေး မည်'' ဟုမိန့်တော်မူ၏။
18:27 တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
18:28 သို့သော်အပြစ်မဲ့သူငါးဆယ်အစားလေး ဆယ့်ငါးယောက်မျှရှိကောင်းရှိပါမည်။ ထို ကဲ့သို့ငါးယောက်လိုသောကြောင့် ကိုယ်တော် သည်တစ်မြို့လုံးကိုဖျက်ဆီးပစ်မည်လော'' ဟုမေးလျှောက်လေ၏။ ထာဝရဘုရားက``အပြစ်မဲ့သူလေးဆယ် ငါးယောက်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
18:29 ``အပြစ်မဲ့သူလေးဆယ်မျှသာရှိလျှင် မြို့ ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟုအာဗြဟံ ကထပ်၍မေးလျှောက်လေ၏။ ကိုယ်တော်က``အပြစ်မဲ့သူလေးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
18:30 တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
18:31 တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အကျွန်ုပ် အတင့်ရဲ၍ ဆက်လက်လျှောက်ဆိုခြင်းကိုခွင့် လွှတ်တော်မူပါ။ အပြစ်မဲ့သူနှစ်ဆယ်မျှသာ ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟု မေးလျှောက်ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူနှစ်ဆယ်ရှိလျှင် မြို့ ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
18:32 နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။-
18:33 ထာဝရဘုရားသည်အာဗြဟံအားမိန့်ကြား ပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံ သည်လည်းမိမိနေအိမ်သို့ပြန်ခဲ့လေသည်။