1 Kings 17
17:1 ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။-
17:2 ထိုနောက်ထာဝရဘုရားသည်ဧလိယအား၊- v
17:3 ``ဤမြို့မှထွက်ခွာကာအရှေ့အရပ်သို့သွား ပြီးလျှင် ယော်ဒန်မြစ်အရှေ့ဘက်ရှိခေရိတ် ချောင်းအနီးတွင်ပုန်းအောင်းလော့။-
17:4 သင်သည်ထိုချောင်းမှသောက်ရေကိုရလိမ့်မည်။ သင်ရှိရာသို့အစားအစာယူဆောင်လာရန် ကျီးအတို့ကိုလည်းငါမှာထားပြီးဖြစ်သည်'' ဟုမိန့်တော်မူ၏။
17:5 ဧလိယသည် ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက်ခေရိတ်ချောင်းသို့သွားရောက် နေထိုင်လေသည်။-
17:6 သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။-
17:7 ကာလအတန်ကြာသောအခါမိုးခေါင်သဖြင့် ချောင်းရေသည်ခန်းခြောက်လေ၏။
17:8 ထိုအခါထာဝရဘုရားကဧလိယအား၊- v
17:9 ``ယခုသင်သည်ဇိဒုန်မြို့အနီးရှိဇရတ္တမြို့ သို့သွား၍နေထိုင်လော့။ ထိုမြို့သူမုဆိုးမ တစ်ယောက်အား သင့်ကိုကျွေးမွေးရန်ငါမှာ ကြားထားပြီ'' ဟုမိန့်တော်မူ၏။-
17:10 သို့ဖြစ်၍ဧလိယသည်ဇရတ္တမြို့သို့သွား လေသည်။ သူသည်မြို့တံခါးဝသို့ရောက်သော အခါ ထင်းခွေနေသောမုဆိုးမတစ်ယောက်ကို တွေ့သဖြင့်``ငါ့အားသောက်ရေတစ်ပေါက် လောက်ပေးပါ'' ဟုပြော၏။-
17:11 မုဆိုးမသည်ရေခပ်ရန်ထွက်သွားသောအခါ ဧလိယက``ငါ့အတွက်မုန့်အနည်းငယ်ကို လည်းယူလာခဲ့ပါ'' ဟုဟစ်အော်၍ပြော၏။
17:12 မုဆိုးမက``ကျွန်မမှာမုန့်တစ်ချပ်မျှမရှိ ကြောင်း အသက်ရှင်တော်မူသောသင်၏ဘုရားသခင်ကိုတိုင်တည်၍ကျိန်ဆိုပါ၏။ မုန့်ခွက် ထဲတွင်မုန့်ညက်လက်တစ်ဆုပ်စာနှင့်ဆီဘူး တွင် သံလွင်ဆီအနည်းငယ်မျှသာကျွန်မမှာ ရှိပါ၏။ ဤရှိစုမဲ့စုကလေးဖြင့်ကျွန်မ နှင့်သားငယ်အတွက်မုန့်လုပ်၍မီးဖုတ်စား နိုင်ရန် ဤနေရာသို့လာ၍ထင်းအနည်းငယ် ခွေနေခြင်းဖြစ်ပါသည်။ ထိုမုန့်သည်ကျွန်မ တို့နောက်ဆုံးစားကြရမည့်အစားအစာပင် ဖြစ်ပါသည်။ ထို့နောက်ကျွန်မတို့သည်အစာ ငတ်၍သေကြရန်ပင်ဖြစ်ပါသည်'' ဟုပြန် ပြောလေ၏။
17:13 ဧလိယကလည်း``မစိုးရိမ်နှင့်။ သင်တို့စားရန် အစားအစာကိုသာသွား၍ပြင်ဆင်ပါလော့။ သို့ရာတွင်ဦးစွာပထမငါ၏အတွက်မုန့် ပြားတစ်ချပ်ကိုလုပ်၍ယူခဲ့လော့။ နောက်မှ ကျန်ရှိသောမုန့်ညက်ဖြင့်သင်တို့သားအမိ အတွက်မုန့်ကိုလုပ်ပါလော့။-
17:14 အဘယ်ကြောင့်ဆိုသော်ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါ ထာဝရဘုရားသည်မိုးကိုမရွာစေမီကာလ အတွင်း မုန့်ခွက်တွင်မုန့်ပြတ်ရလိမ့်မည်မဟုတ်။ ဆီဘူးတွင်လည်းဆီပြတ်ရလိမ့်မည်မဟုတ်' ဟုမိန့်တော်မူသောကြောင့်ဖြစ်သည်'' ဟု မုဆိုးမအားပြောလေ၏။
17:15 မုဆိုးမသည်ဧလိယပြောသည့်အတိုင်းပြု သဖြင့် သူတို့အားလုံးပင်ရက်ပေါင်းများစွာ စားရန်အတွက် အစားအစာကိုအလုံ အလောက်ရရှိကြလေသည်။-
17:16 ဧလိယအားဖြင့်ထာဝရဘုရားကတိ ပေးတော်မူခဲ့သည့်အတိုင်း မုန့်ခွက်တွင်မုန့် ညက်မပြတ်။ ဆီဘူးတွင်လည်းဆီမပြတ်။
17:17 ကာလအနည်းငယ်ကြာသောအခါ မုဆိုးမ ၏သားသည်ဖျားနာ၍ သူ၏ရောဂါအခြေ အနေမှာဆိုးသည်ထက်ဆိုး၍လာပြီးလျှင် နောက်ဆုံး၌သူငယ်သည်သေဆုံးသွားတော့ ၏။-
17:18 မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
17:19 ဧလိယက``သင်၏သားကိုငါ့အားပေးလော့'' ဟုဆိုကာမုဆိုးမ၏လက်မှသူငယ်ကိုယူ၍ မိမိတည်းခိုရာအထက်ခန်းသို့ပွေ့ချီသွား ပြီးလျှင် အိပ်ရာပေါ်တွင်ချထားလိုက်၏။-
17:20 ထို့နောက်သူသည်``အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤမုဆိုးမအားအဘယ် ကြောင့်ကိုယ်တော်သည် ဤသို့ထိတ်လန့်ဖွယ် ကောင်းသောအမှုကိုပြုတော်မူပါသနည်း။ ထိုအမျိုးသမီးသည်ကျွန်ုပ်အားကောင်းစွာ ကျွေးမွေးပြုစုပါ၏။ သို့ရာတွင်ယခုကိုယ် တော်သည်သူ၏သားငယ်ကိုသေစေတော် မူပါပြီ'' ဟုကျယ်လောင်စွာဆုတောင်းပတ္ထ နာပြုလေ၏။-
17:21 ထို့နောက်ဧလိယသည်သူငယ်၏အပေါ်တွင် သုံးကြိမ်တိုင်တိုင်ဝမ်းလျားမှောက်ပြီးလျှင်``အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤကလေးကိုအသက်ပြန်၍ရှင်စေတော် မူပါ'' ဟုဆုတောင်း၏။-
17:22 ထာဝရဘုရားသည်ဧလိယ၏ပန်ကြား ချက်ကိုနားညောင်းတော်မူသဖြင့် ကလေး သည်ထွက်သက်ဝင်သက်ကိုပြန်လည်ရရှိ ကာအသက်ပြန်၍ရှင်လာလေသည်။
17:23 ဧလိယသည်သူငယ်ကိုအိမ်အောက်ထပ်သို့ ချီဆောင်သွားပြီးလျှင် မိခင်ဖြစ်သူအား``ကြည့် လော့။ သင်၏သားသည်အသက်ရှင်လျက်ရှိ ပါ၏'' ဟုဆို၏။
17:24 ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။