Library · my

Job 14

14:1 လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏။ 14:2 ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။ 14:3 ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည် လော။ 14:4 မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။ 14:5 လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊ 14:6 မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။ 14:7 သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။ 14:8 မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊ 14:9 ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။ 14:10 လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။ 14:11 အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက် သကဲ့သို့၎င်း၊ 14:12 လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။ 14:13 ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။ 14:14 လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။ 14:15 အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ။ 14:16 ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။ 14:17 အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။ 14:18 ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ 14:19 လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။ 14:20 ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည်ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာ ကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။ 14:21 သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။ 14:22 သို့ရာတွင် သူ၏ကိုယ်သည်ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည်ညည်းတွားလျက်နေရပါသည်ဟု မြွတ်ဆို၏။