Library · my

Job 24

24:1 အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။ 24:2 အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။ 24:3 မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။ 24:4 ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။ 24:5 သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။ 24:6 လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။ 24:7 ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။ 24:8 တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။ 24:9 အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။ 24:10 အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။ 24:11 သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။ 24:12 လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။ 24:13 အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။ 24:14 လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဥ့်အခါ သူခိုးလုပ်တတ် ၏။ 24:15 သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။ 24:16 လူဆိုးတို့သည် ညဥ့်အချိန်၌ သူတပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။ 24:17 နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။ 24:18 ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။ 24:19 မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ 24:20 သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။ 24:21 မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ်။ 24:22 အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။ 24:23 သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။ 24:24 ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။ 24:25 သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။