Job 30
30:1 ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
30:2 သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
30:3 ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ၏။
30:4 စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။
30:5 လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။
30:6 ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။
30:7 ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင် အောက်မှာ စုဝေးလျက် နေကြ၏။
30:8 လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။
30:9 ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား။
30:10 ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။
30:11 ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
30:12 သူငယ်တို့သည်ငါ့လက်ျာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။
30:13 ငါ့လမ်းကို ဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။
30:14 ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ၏။
30:15 ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ။
30:16 ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာ ကာလသည် ငါ့ကိုမှီပြီ။
30:17 ညဥ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ။
30:18 ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ၏။
30:19 ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့်မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။
30:20 ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။
30:21 အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။
30:22 အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။
30:23 သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
30:24 ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော် မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။
30:25 အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။
30:26 သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။
30:27 ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။
30:28 နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။
30:29 မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ၏။
30:30 အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။