Psalms 107
107:1 ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု
107:2 ရန်သူတို့လက်မှကယ်ဆယ်တော်မူ၍ အရှေ့အနောက်တောင်မြောက်ရှိတိုင်းတစ်ပါးမှ ပြန်ခေါ်ဆောင်တော်မူခြင်းကို ခံရသောသူတို့သည်ချီးမွမ်းကြစေ။
107:4 လူအချို့တို့သည်လမ်းမရှိသည့်သဲကန္တာရ တွင် လှည့်လည်လျက်နေခဲ့ကြ၏။ သူတို့သည်မိမိတို့နေထိုင်စရာမြို့သို့သွားရာ လမ်းကိုရှာ၍မတွေ့ကြ။
107:5 သူတို့သည်အစာငတ်ရေငတ်ကြလျက် စိတ်ပျက်အားလျော့ကြ၏။
107:6 သူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
107:7 ကိုယ်တော်သည်သူတို့နေထိုင်ရန်မြို့သို့လမ်း ဖြောင့်ဖြင့် ပို့ဆောင်တော်မူ၏။
107:8 သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ်ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုရ ကြပေမည်။
107:9 ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
107:10 အချို့သောသူတို့သည်မှောင်မိုက်အတိဖုံးလွှမ်းရာ အရပ်၌နေထိုင်ရလျက်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက်ဒုက္ခခံရကြ၏။
107:11 အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ အမိန့်တော်ကိုဖီဆန်၍ အနန္တတန်ခိုးရှင်၏ညွှန်ကြားချက်များကို ပစ်ပယ်ကြသောကြောင့်ဖြစ်၏။
107:12 သူတို့သည်ပင်ပန်းစွာအလုပ်လုပ်ရကြသဖြင့် အားအင်ကုန်ခန်းရကြ၏။ လဲကျသော်လည်းသူတို့အားထူမမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
107:13 သူတို့သည်ဒုက္ခရောက်ကြသဖြင့်ထာဝရ ဘုရားထံ အော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
107:14 ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
107:15 သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အား ပြုတော်မူသောအံ့သြဖွယ်ရာများအတွက် လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းရပေမည်။
107:16 ကိုယ်တော်သည်ကြေးတံခါးများကိုချိုး၍ သံကန့်လန့်များကိုအပိုင်းပိုင်းဖြတ်တော်မူ၏။
107:17 အချို့သောသူတို့သည်မိမိတို့၏အပြစ်များ ကြောင့် ဖျားနာရကြ၏။ မိမိတို့၏ဒုစရိုက်များကြောင့်ဆင်းရဲဒုက္ခ ရောက်ရကြ၏။
107:18 သူတို့သည်အစားအစာကိုပင်ကြည့်ချင်စိတ် မရှိတော့ဘဲ သေမင်း၏တံခါးဝအနီးသို့ရောက်ရကြ၏။
107:19 ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
107:20 ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
107:21 သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ် ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
107:22 သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
107:23 လူအချို့တို့သည်သမုဒ္ဒရာတွင်သင်္ဘောလွှင့်၍ ကူးသန်းသွားလာလျက်အသက်မွေးဝမ်းကျောင်း ရှာကြ၏။
107:24 သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်များ၊ပင်လယ်တွင်ပြတော်မူသော အံ့သြဖွယ်ရာများကိုမြင်တွေ့ရကြ၏။
107:25 ကိုယ်တော်အမိန့်ပေးတော်မူသောအခါ လေပြင်းမုန်တိုင်းကျရောက်လာ၍ လှိုင်းတံပိုးများထလေ၏။
107:26 သင်္ဘောများသည်လေထဲသို့မြောက်၍သွားကြ ပြီးနောက် ရေထဲသို့ထိုးဆင်းသွားကြ၏။ ယင်းသို့သေဘေးနှင့်တွေ့ကြုံရကြသဖြင့် လူတို့သည်ထိတ်လန့်တုန်လှုပ်ကြကုန်၏။
107:27 သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။ သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
107:28 ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
107:29 ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။
107:30 ယင်းသို့လေငြိမ်သဖြင့်သူတို့သည် ဝမ်းမြောက်ကြကုန်၏။ ကိုယ်တော်သည်သူတို့သွားလိုရာသင်္ဘောဆိပ်မြို့သို့ ဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူ၏။
107:31 သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အတွက်ပြုတော်မူသော အံ့သြဖွယ်ရာများအတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
107:32 သူတို့သည်ကိုယ်တော်ကြီးမြတ်တော်မူပုံကို လူတို့ စုဝေးရာအရပ်၌ထုတ်ဖော်ကြေညာကြရပေမည်။ ခေါင်းဆောင်များအစည်းအဝေး၌ကိုယ်တော်ကို ထောမနာပြုကြရပေမည်။
107:33 ထာဝရဘုရားသည်မြစ်များကိုလုံးဝ ခန်းခြောက်စေတော်မူ၏။ စမ်းချောင်းများကိုလည်းဆို့ပိတ်၍ထားတော်မူ၏။
107:34 ပြည်သူတို့၏ယုတ်မာမှုကြောင့်ကိုယ်တော်သည် မြေကောင်းမြေသန့်ကို အသုံးမဝင်သည့်ဆားမြေအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
107:35 ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။
107:36 ထိုဒေသတွင်အစာငတ်မွတ်သူတို့အား နေထိုင်ခွင့်ပေးတော်မူ၏။ သူတို့သည်လည်းမိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။
107:37 သူတို့သည်လယ်ယာလုပ်ကိုင်ကာစပျစ်ပင် များကို စိုက်ပျိုးကြ၏။ ယင်းတို့သည်များစွာသောအသီးအနှံ တို့ကိုဆောင်ကုန်၏။
107:38 ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။
107:39 ဘုရားသခင်၏လူစုတော်သည်ရက်စက်စွာ ဖိစီးနှိပ်စက်မှုနှင့်ဆင်းရဲဒုက္ခများကြောင့် အရေးရှုံးနိမ့်ကာအရှက်တကွဲဖြစ်ရကြ သောအခါ
107:40 ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။
107:41 သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။
107:42 သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်၍ဝမ်းမြောက်ကုန်၏။ သူယုတ်မာအပေါင်းတို့သည်ကားနှုတ်ပိတ်၍ နေရကြ၏။
107:43 အသိပညာရှိသူတို့သည်ဤအမှုအရာ တို့ကို နှလုံးသွင်း၍ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုစဉ်းစားဆင်ခြင်ကြစေ။