Psalms 118
118:1 ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်ထာဝစဉ်တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြ လော့။
118:2 ``ကိုယ်တော်၏မေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟုဣသရေလ အမျိုးသားတို့ဝန်ခံကြစေ။
118:3 ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟုဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့ဝန်ခံကြစေ။
118:4 ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟု ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့ ဝန်ခံကြစေ။
118:5 ငါသည်အလွန်ဒုက္ခရောက်သဖြင့်ထာဝရ ဘုရားအား ပတ္ထနာပြုပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူ၍ ငါ့ကိုလွတ်မြောက်စေတော်မူ၏။
118:6 ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
118:7 ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့် ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။
118:8 လူကိုအားကိုးသည်ထက်ထာဝရဘုရားကို အားကိုးခြင်းကပို၍ကောင်း၏။
118:9 လူ့ခေါင်းဆောင်တို့ကိုကိုးစားသည်ထက် ထာဝရဘုရားကိုကိုးစားခြင်းကပို၍ ကောင်း၏။
118:10 ငါ၏ပတ်လည်တွင်ရန်သူအများပင်ရှိသော် လည်း ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။
118:11 သူတို့သည်အဘက်ဘက်မှငါ့ကိုဝိုင်းရံလျက် နေကြသော်လည်း ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။
118:12 သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
118:13 ငါသည်ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုခံရ၍ အရေးရှုံးနိမ့်နေသော်လည်း ထာဝရဘုရားသည်ငါ့ကိုကူမတော်မူ၏။
118:14 ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။ ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
118:15 ``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့် အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။ ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည် အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည် မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
118:17 ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။
118:18 ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
118:19 ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။ ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
118:20 ဤတံခါးသည်ထာဝရဘုရား၏တံခါးဖြစ်၍ သူတော်ကောင်းတို့သာလျှင်ဝင်ရကြ၏။
118:21 အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍ ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။
118:22 တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသော ကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
118:23 ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
118:24 ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍ ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။
118:25 အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအောင်မြင်ခွင့်ကိုပေးတော် မူပါ။
118:26 ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူအား ဘုရားသခင်ကောင်းချီးပေးတော်မူပါစေသော။ ငါတို့သည်ထာဝရဘုရား၏အိမ်တော်မှနေ၍ ကိုယ်တော်ကိုကောင်းချီးပေးပါ၏။
118:27 ထာဝရဘုရားသည်ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားကျေးဇူးပြုတော်မူပြီ။ သင်တို့သည်သစ်ခက်များကိုင်၍၊ ပွဲသဘင်ကိုအစပြုကာယဇ်ပလ္လင်ကိုလှည့်၍ ချီတက်ကြလော့။
118:28 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားသခင် ဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာပါမည်။
118:29 ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်လည်းထာဝစဉ် တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။