Psalms 140
140:1 အို ထာဝရဘုရား၊ ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။
140:2 သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန် ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။
140:3 သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍ သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။
140:4 အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသူယုတ်မာတို့၏ဘေးမှ ကွယ်ကာစောင့်ထိန်းတော်မူပါ။ ကျွန်တော်မျိုးပြိုလဲပျက်စီးစေရန်ကြံစည်သူ အကြမ်းဖက်သမားတို့၏ဘေးမှလုံခြုံစွာ ထားတော်မူပါ။
140:5 မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
140:6 ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၏'' ဟုထာဝရဘုရားအား လျှောက်ထား၏။ အို ထာဝရဘုရား ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ၏။
140:7 အို ဘုရားရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး၏စွမ်းအားကြီးသောကယ်တင်ရှင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲတွင် ကွယ်ကာစောင့်ထိန်းတော်မူပါပြီ။
140:8 အို ထာဝရဘုရား၊ သူယုတ်မာ၏အလိုဆန္ဒကို ပြည့်စုံစေတော်မမူပါနှင့်။ သူတို့၏ဆိုးယုတ်သောအကြံအစည်များကို အောင်မြင်ခွင့်ပေးတော်မမူပါနှင့်။
140:9 ကျွန်တော်မျိုး၏ရန်သူများအားအောင်ပွဲခံခွင့် ပေးတော်မမူပါနှင့်။ ကျွန်တော်မျိုးအားခြိမ်းခြောက်ပြောဆိုသမျှ တို့ကို သူတို့ခံကြရပါစေသော။
140:10 မီးကျီးခဲများသည်သူတို့၏ဦးခေါင်းပေါ်သို့ ကျကြပါစေသော။ သူတို့သည်တွင်းထဲသို့ကျပြီးလျှင် အဘယ်အခါ၌မျှပြန်၍မတက်နိုင်ပါစေနှင့်။
140:11 သူတစ်ပါးတို့အားလိမ်လည်စွပ်စွဲကြ သူတို့သည် မအောင်မြင်ပါစေနှင့်။ မကောင်းမှုသည်အကြမ်းဖက်သမားတို့အား အမီလိုက်၍သုတ်သင်ဖျက်ဆီးပါစေသော။
140:12 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
140:13 သူတော်ကောင်းတို့သည်ကိုယ်တော်ရှင်အား အမှန်ပင် ထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏ရှေ့တော်မှောက်တွင် နေရကြပါလိမ့်မည်။