Psalms 144
144:1 ငါ့ကျောက်တောင်ဖြစ်တော်မူသောအရှင်ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော်သည်ငါ့ကိုတိုက်ပွဲဝင်ရန်အတွက် လေ့ကျင့်ပေးတော်မူ၏။ စစ်ဆင်မှုကိုသွန်သင်ပေးတော်မူ၏။
144:2 ကိုယ်တော်သည်ငါ့ကိုကွယ်ကာရာငါ့ခံတပ်၊ ငါ့ရဲတိုက်၊ငါ၏ကယ်တင်ရှင်၊ငါကိုးစားရာ ဒိုင်းလွှားဖြစ်တော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကိုငါ၏ လက်အောက်သို့ရောက်စေတော်မူ၏။
144:3 အို ထာဝရဘုရား၊ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့ကိုပမာဏ ပြုတော်မူရပါသနည်း။ သာမန်လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့ကိုဂရုပြုတော်မူ ရပါသနည်း။
144:4 လူသည်ထွက်သက်ဝင်သက်လေနှင့်တူပါ၏။ သူ၏အသက်တာသည်လွန်သွားတတ်သော အရိပ်နှင့်တူပါ၏။
144:5 အို ထာဝရဘုရား၊ မိုးကောင်းကင်ကိုကွေးညွှတ်စေ၍ဆင်းသက် ကြွလာတော်မူပါ။ တောင်ရိုးများကိုတို့ထိတော်မူပါ။ ယင်းတို့မှမီးခိုးထွက်ပါလိမ့်မည်။
144:6 လျှပ်စစ်ပြက်တော်မူ၍ကိုယ်တော်၏ရန်သူ တို့ကို ကစဥ့်ကရဲဖြစ်စေတော်မူပါ။ ကိုယ်တော်ရှင်၏လေးတော်တို့ကိုပစ်တော်မူ၍ သူတို့အားထွက်ပြေးစေတော်မူပါ။
144:7 အထက်ဘုံမှလက်တော်ကိုဆန့်တော်မူ၍ ကျွန်တော်မျိုးအားရေနက်ရာမှဆွဲတင် ကယ်ဆယ်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏လက်မှကယ်တော်မူပါ။
144:8 ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကို မပြောတတ်ကြပါ။ ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
144:9 အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်သီချင်းသစ်ကိုဆို၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုချီးမွမ်းပါမည်။ စောင်းကိုတီး၍သီချင်းဆိုကာဂုဏ်တော်ကို ချီးမွမ်းပါမည်။
144:10 ကိုယ်တော်ရှင်သည်ဘုရင်တို့အားစစ်ပွဲအောင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်ကို ကယ်ဆယ်တော်မူပါ၏။
144:11 ရက်စက်ကြမ်းကြုတ်သောရန်သူများ၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏လက်မှကယ်ဆယ်တော် မူပါ။ ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကိုမပြောတတ်ကြပါ။ ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
144:12 ကျွန်တော်မျိုးတို့၏သားများသည်အသက် ပျိုရွယ်ချိန်၌သန်မာကြီးထွားလာသော အပင်ငယ်များကဲ့သို့ဖြစ်ပါစေသော။ ကျွန်တော်မျိုးတို့၏သမီးများသည်နန်းတော် ထောင့်များတွင်အလှစိုက်ထူထားသော ခန့်ညားသည့်ကျောက်တိုင်များကဲ့သို့ဖြစ်ပါ စေသော။
144:13 ကျွန်တော်မျိုးတို့၏ကျီများသည်အသီးအနှံ အမျိုးမျိုးဖြင့်ပြည့်လျက်ရှိပါစေသော။ ကွင်းပြင်များရှိသိုးများသည်ထောင်ပေါင်း များစွာသောသိုးငယ်တို့ကိုမွေးဖွားကြ ပါစေသော။
144:14 ကျွန်တော်မျိုးတို့၏နွားများသည်လည်းဇီးမလျှော၊ မသေမပျောက်ဘဲများစွာတိုးပွားကြပါစေသော။ ကျွန်တော်မျိုးတို့၏လမ်းများသည် ဒုက္ခရောက်သူတို့၏အော်ဟစ်ညည်းတွားသံများနှင့် ကင်းဝေးပါစေသော။
144:15 ဤသို့သောအခြေအနေ၌ရှိသည့်နိုင်ငံသည် မင်္ဂလာရှိပါ၏။ ထာဝရဘုရားကိုဘုရားအဖြစ်ကိုးကွယ်သော လူမျိုးသည်မင်္ဂလာရှိပါ၏။