Psalms 147
147:1 ထာဝရဘုရားအားထောမနာပြုကြလော့။ ငါတို့၏ဘုရားအားထောမနာ သီချင်းဆိုခြင်းသည်မွန်မြတ်ပါပေသည်။ ကိုယ်တော်ကိုထောမနာပြုရခြင်းသည် မှန်ကန်လျောက်ပတ်ဖွယ်ကောင်းပါပေသည်။
147:2 ထာဝရဘုရားသည်ယေရုရှလင်မြို့ကို ပြန်လည်ထူထောင်လျက်တိုင်းတစ်ပါးတွင် နေကြရသူ ဣသရေလအမျိုးသားတို့အားပြန်လည် ခေါ်ဆောင်လာတော်မူ၏။
147:3 စိတ်နှလုံးကြေကွဲသူတို့ကိုနှစ်သိမ့်စေတော် မူ၍ သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပတ်စည်း တော်မူ၏။
147:4 ကိုယ်တော်သည်ကြယ်တာရာများ၏အရေ အတွက်ကို သတ်မှတ်တော်မူ၍ကြယ်တစ်လုံးစီကိုနာမည် မှည့်ခေါ်တော်မူ၏။
147:5 ငါတို့၏ဘုရားရှင်သည်ကြီးမြတ်တော်မူ၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ဉာဏ်ပညာတော်ကိုတိုင်းထွာ၍ မရနိုင်ပါ။
147:6 ကိုယ်တော်သည်နိမ့်ကျသူတို့ကိုထူပင့်တော် မူ၍ ယုတ်မာသူတို့ကိုမူမြေသို့တိုင်အောင်လဲကျ စေတော်မူ၏။
147:7 ထောမနာသီချင်းများကိုဆို၍ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ စောင်းကိုတီး၍ဂီတသံဖြင့်ငါတို့ဘုရား အား ဂုဏ်တော်ကိုချီးမွမ်းကြလော့။
147:8 ကိုယ်တော်သည်ကောင်းကင်ပြင်ကိုမိုးတိမ် များဖြင့် ဖုံးလွှမ်းတော်မူ၏။ ကမ္ဘာမြေကြီးပေါ်သို့မိုးရွာစေတော်မူ၍ တောင်ကုန်းများတွင်မြက်များကိုပေါက်စေ တော်မူ၏။
147:9 ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။
147:10 ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။
147:11 သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
147:12 အို ယေရုရှလင်မြို့၊ထာဝရဘုရားအား ထောမနာပြုလော့။ အို ဇိအုန်မြို့၊သင်၏ဘုရားကိုထောမနာပြု လော့။
147:13 ကိုယ်တော်သည်သင်၏မြို့တံခါးကိုခိုင်ခံ့ စေတော်မူ၍ သင်၏မြို့သူမြို့သားတို့ကိုကောင်းချီးပေး တော်မူ၏။
147:14 ကိုယ်တော်သည်သင်၏မြို့တံခါးကိုဘေးမဲ့ လုံခြုံစွာထားတော်မူ၍ သင့်အားအကောင်းဆုံးသောဂျုံဆန်ဖြင့် ရောင့်ရဲစေတော်မူ၏။
147:15 ကိုယ်တော်သည်ကမ္ဘာမြေကြီးအား အမိန့်ပေးတော်မူ၏။ ထိုအမိန့်တော်အတိုင်းလျင်မြန်စွာဖြစ် ပျက်လာ၏။
147:16 ကိုယ်တော်သည်သိုးမွေးသဖွယ်ထူထပ်သော မိုးပွင့်များကိုကျစေတော်မူ၍ ပြာမှုန့်သဖွယ်ဆီးနှင်းခဲများကိုကြဲချ တော်မူ၏။
147:17 ကိုယ်တော်သည်မိုးသီးများကိုမုန့်ကျိုး မုန့်ပဲ့များသဖွယ်ကျစေတော်မူ၏။ ကိုယ်တော်ရှင်စေလွှတ်တော်မူလိုက်သည့် အအေးဋ္ဌာတ်ကိုအဘယ်သူမျှမခံ နိုင်ပေ။
147:18 ထိုနောက်ကိုယ်တော်သည်အမိန့်ပေးတော်မူသဖြင့် ရေခဲသည်အရည်ပျော်လေ၏။ လေကိုတိုက်စေတော်မူသဖြင့် ရေသည်စီးဆင်းလေ၏။
147:19 ကိုယ်တော်သည်နှုတ်ကပတ်တော်ကိုမိမိ လူစုတော်အားလည်းကောင်း၊ အထုံးအဖွဲ့တော်နှင့်ပညတ်တော်များကို ဣသရေလအားလည်းကောင်းပေးအပ်တော် မူ၏။
147:20 ကိုယ်တော်သည်အခြားလူမျိုးတို့အတွက် ဤသို့ပြုတော်မမူ။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို မသိရကြ။ ထာဝရဘုရားအားထောမနာပြုကြလော့။