Psalms 17
17:1 အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။
17:2 ကိုယ်တော်သည်အမှန်တရားကိုသိမြင်တော် မူသဖြင့် ကျွန်တော်မျိုး၏အကျိုးကိုထောက်၍ တရားစီရင်တော်မူပါ။
17:3 ကိုယ်တော်သည်ကျွန်တော်မျိုး၏စိတ်နှလုံးကို သိတော်မူပါ၏။ ညဥ့်အခါ၌ကျွန်တော်မျိုးထံသို့ကြွလာ၍ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသေချာစွာ စစ်ဆေးကြည့်တော်မူသောအခါ ဆိုးယုတ်သောအကြံအစည်ကိုတွေ့ရှိတော် မမူပါ။ ကျွန်တော်မျိုးသည်အခြားသူတို့ကဲ့သို့ ညစ်ညမ်းသည့် စကားကိုမပြောမဆိုပါ။ ကိုယ်တော်၏ပညတ်တော်ကိုလိုက်လျှောက်ပါ၏။ အဓမ္မလမ်းစဉ်ကိုမလိုက်မလျှောက်ခဲ့ပါ။
17:5 ကိုယ်တော်၏လမ်းစဉ်ကိုသာလိုက်လျှောက်ခဲ့ပါ၏။ ထိုလမ်းစဉ်မှမတိမ်းမစောင်းခဲ့ပါ။
17:6 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်နားညောင်းတော်မူ တတ်သည်ဖြစ်၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဆုတောင်းပတ္ထနာပြုပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးဘက်သို့လှည့်တော်မူ၍ ကျွန်တော်မျိုး၏ပတ္ထနာစကားများကို နားထောင်တော်မူပါ။
17:7 ကိုယ်တော်၏အံ့သြဖွယ်မေတ္တာတော်ကို ပေါ်လွင်ထင်ရှားစေတော်မူ၍ ကျွန်တော်မျိုးကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏ထံတော်ပါးတွင်ကျွန်တော်မျိုးသည် ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံခွင့် ရရှိပါ၏။
17:8 ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။ သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကို ကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။ အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
17:10 သူတို့သည်သနားကြင်နာစိတ်ကင်းမဲ့လျက် မာန်မာနထောင်လွှား၍ပြောဆိုနေကြပါ၏။
17:11 သူတို့သည်ကျွန်တော်မျိုးသွားလေရာတွင် ကျွန်တော်မျိုးအားအလဲထိုးရန် စောင့်မျှော်ဝိုင်းရံလျက်နေကြပါ၏။
17:12 သူတို့သည်ခြင်္သေ့များကဲ့သို့ကျွန်တော်မျိုးအား အပိုင်းပိုင်းဆုတ်ဖြဲလိုကြ၍ကျွန်တော်မျိုးကို ချောင်းမြောင်းနေကြပါ၏။
17:13 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ရန်သူများကိုတွန်းလှန် ဖြိုခွင်းတော်မူပါ။ ကိုယ်တော်ဓားတော်ဖြင့်သူယုတ်မာတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
17:14 ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။
17:15 ကျွန်တော်မျိုးသည်အပြစ်မကူးလွန်ခဲ့သဖြင့် ကိုယ်တော်ရှင်ကိုဖူးမြင်ရပါလိမ့်မည်။ ကျွန်တော်မျိုးအိပ်ရာမှနိုးထသောအခါ၌ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်အတူရှိတော် မူသဖြင့် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မည်။