Psalms 19
19:1 မိုးကောင်းကင်သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပေါ်လွင်စေ၍ ကိုယ်တော်၏ လက်ရာတော်တို့ကိုထင်ရှားစွာဖော်ပြ၏။
19:2 ဤအကြောင်းကိုတစ်နေ့ကိုတစ်နေ့၊တစ်ညကိုတစ်ည လက်ဆင့်ကမ်းကြေညာကြပေသည်။
19:3 အဘယ်သို့မှနှုတ်ဖြင့်မမြွက်မဆို၊ စကားလည်းမပြော၊ မည်သည့်အသံကိုမျှမပြုသော်လည်း
19:4 နေ့နှင့်ညမှထွက်ပေါ်လာသည့်အသံသည် ကမ္ဘာမြေတစ်ပြင်လုံးသို့ပျံ့နှံ့သွားလျက် ယင်းတို့ကြေညာသောစကားသည် ကမ္ဘာမြေကြီးစွန်းတိုင်အောင်ရောက်လေ၏။ ဘုရားသခင်သည်နေ၏အတွက်မိုးကောင်း ကင်၌ ဗိမာန်တစ်ဆောင်ကိုတည်တော်မူ၏။-
19:5 မိမိအိပ်ခန်းမှထွက်၍လာသောမင်္ဂလာ ဆောင် သတို့သားကဲ့သို့လည်းကောင်း၊ အပြေးပြိုင်ရန်ဆန္ဒစောလျက်ရှိသည့် အားကစားသမားကဲ့သို့လည်းကောင်း နေသည်ထွက်ပြူလာ၏။
19:6 သူသည်မိုးကောင်းကင်တစ်စွန်းမှအစပြုကာ အခြားတစ်စွန်းသို့လှည့်ပတ်၍သွား၏။ သူ၏အပူရှိန်မှကင်းလွတ်သောအရာတစ်ခု မျှမရှိ။
19:7 ထာဝရဘုရား၏တရားတော်သည်ပြီးပြည့် စုံလင်အောင်ကောင်းမြတ်သည်ဖြစ်၍စိတ်ဝိညာဉ် ကို ပြန်လည်သစ်လွင်လန်းဆန်းစေတတ်၏။ ဘုရားသခင်၏သွန်သင်တော်မူချက်တို့သည် အားကိုးအားထားထိုက်သည်ဖြစ်၍ မလိမ္မာသူတို့ကိုလိမ္မာစေတတ်၏။
19:8 ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
19:9 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းသည် ကောင်းမြတ်သည်ဖြစ်၍ထာဝစဉ်တည်မြဲ လိမ့်မည်။ ထာဝရဘုရား၏စီရင်တော်မူချက်တို့သည် ဖြောင့်မှန်သည်ဖြစ်၍ကာလအစဉ်တရား မျှတပေ၏။
19:10 ယင်းတို့သည်ရွှေထက်မက၊အကောင်းဆုံး ရွှေထက် ပိုမိုနှစ်သက်ဖွယ်ဖြစ်၏။ ယင်းတို့သည်ပျားရည်ထက်မက၊အစစ်ဆုံး ပျားရည်ထက်ပို၍ချိုကြ၏။
19:11 ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
19:12 အဘယ်သူမျှမိမိ၏အမှားအယွင်းများကို မမြင်နိုင်ပါ။ အို ထာဝရဘုရား၊ မထင်ရှားသည့်အပြစ်များနှင့်ကျွန်တော်မျိုးအား ကင်းစင်စေတော်မူပါ။
19:13 တမင်တကာကြံရွယ်ချက်ဖြင့်ပြုသည့်အပြစ် ဒုစရိုက်များနှင့်လည်းကင်းစင်စေတော်မူပါ။ ထိုဒုစရိုက်တို့သည်ကျွန်တော်မျိုးအား အစိုးမရပါစေနှင့်။ သို့မှသာလျှင်ကျွန်တော်မျိုးသည် အပြစ်ဆိုဖွယ်မရှိဖြစ်လျက်အပြစ် ဒုစရိုက်နှင့် ကင်းစင်ပါလိမ့်မည်။
19:14 ကျွန်တော်မျိုးခိုလှုံရာဖြစ်တော်မူ၍ ကျွန်တော်မျိုးအားရွေးနုတ်တော်မူသော အရှင်၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ထွက်စကားများနှင့် စိတ်နှလုံးအကြံအစည်များသည်ရှေ့တော် ၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။