Psalms 27
27:1 ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါသည်အဘယ်သူကိုမျှကြောက်လန့်ရ အံ့နည်း။ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။
27:2 ဆိုးညစ်သူတို့ငါ့ကိုသတ်ရန်တိုက်ခိုက်ကြသော အခါ သူတို့သည်ခြေချော်၍လဲကြ၏။
27:3 စစ်တပ်တစ်တပ်လုံးပင်ငါ့ကိုဝိုင်းရံထားစေကာမူ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ အကယ်၍ငါ၏ရန်သူများကပင်လျှင် ငါ့ကိုတိုက်ခိုက်စေကာမူငါသည် ထာဝရဘုရားအားကိုးစားမည်။
27:4 ထာဝရဘုရားအားငါတောင်းလျှောက်လို သောဆု၊ ငါလိုချင်တောင့်တသောဆုတစ်ခုတည်းရှိ၏။ ထိုဆုကားဘုရားသခင်၏အိမ်တော်တွင် တစ်သက်လုံးနေရ၍ကျေးဇူးတော်ကို ချီးမွမ်းအံ့သြလျက် ကိုယ်တော်၏လမ်းပြမှုကိုတောင်းခံနိုင်ခွင့် ပင်ဖြစ်၏။
27:5 ဘေးအန္တရာယ်ရောက်သည့်ကာလ ငါ့အားကိုယ်တော်ကွယ်ကာစောင့်ရှောက်၍ ထားတော်မူလိမ့်မည်။ ဗိမာန်တော်တွင်လုံခြုံစွာထားတော်မူလိမ့်မည်။ ဘေးကင်းစေရန်ကျောက်ဆောင်မြင့်ပေါ်မှာတင်၍ ထားတော်မူလိမ့်မည်။
27:6 သို့ဖြစ်၍ငါသည်မိမိအားဝိုင်းရံထားသည့် ရန်သူများကိုအောင်မြင်ခွင့်ရလိမ့်မည်။ ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် လျက် ဗိမာန်တော်တွင်ယဇ်ပူဇော်မည်။ သီချင်းဆိုမည်။ ထာဝရဘုရားအား ထောမနာပြုမည်။
27:7 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးခေါ်သောအခါ ထူးတော်မူပါ။ ကရုဏာထားတော်မူ၍ထူးတော်မူပါ။
27:8 ``ငါ့ထံသို့ချဉ်းကပ်၍ကိုးကွယ်ဝတ်ပြုလော့'' ဟု ကိုယ်တော်ရှင်မိန့်တော်သည်အတိုင်း အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ချဉ်းကပ် ပါမည်။
27:9 ကျွန်တော်မျိုးအားမျက်နှာတော်ကိုလွှဲတော် မမူပါနှင့်။ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏အစေခံဖြစ်သူကျွန်တော် မျိုးအား ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုး၏ကယ်တင်ရှင် အို ဘုရားသခင်၊ ကျွန်တော်မျိုးအားပစ်ထားတော်မမူပါနှင့်။ စွန့်ပစ်တော်မမူပါနှင့်။
27:10 ငါ၏မိဘတို့သည်ငါ့အားစွန့်ပစ်စေကာမူ ထာဝရဘုရားသည်ငါ့ကိုကြည့်ရှု စောင့်ရှောက်တော်မူမည်။
27:11 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုစေလိုသောအမှုအရာတို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးမှာရန်သူများလှပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာ လမ်း၌ ပို့ဆောင်တော်မူပါ။
27:12 လိမ်လည်ခြိမ်းခြောက်သည့်ရန်သူများ၏လက်တွင် ကျွန်တော်မျိုးကိုစွန့်ပစ်၍ထားတော်မမူပါနှင့်။
27:13 ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကို ငါသည်ဤဘဝတွင်တွေ့မြင်မည်ဟုယုံကြည်၏။
27:14 ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။