Psalms 33
33:1 အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည် ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
33:2 စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
33:3 ရှေ့တော်၌သီချင်းသစ်ကိုဆိုကြလော့။ သာယာစွာစောင်းကိုတီးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
33:4 ထာဝရဘုရား၏နှုတ်ကပတ်တော်သည်မှန်ကန် ပေ၏။ ကိုယ်တော်ပြုတော်မူရာအမှုအရာတို့သည်လည်း သစ္စာတရားနှင့်ကိုက်ညီ၏။
33:5 ထာဝရဘုရားသည်ဖြောင့်မတ်မှန်ကန်မှုကို နှစ်သက်တော်မူ၏။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကမ္ဘာမြေကြီးကိုဖုံးလွှမ်းလျက်ရှိ၏။
33:6 ထာဝရဘုရားသည်အမိန့်တော်ဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့် နေ၊လ၊ကြယ်တာယာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
33:7 ပင်လယ်ရှိသမျှတို့ကိုတစ်နေရာတည်းတွင် စုဝေးစေတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာရေများကို သိုလှောင်ခန်းများတွင်သိမ်းဆည်းထားတော် မူ၏။
33:8 ကမ္ဘာမြေကြီးသားအပေါင်းတို့၊ထာဝရ ဘုရားအား ရိုသေကိုင်းရှိုင်းကြလော့။ ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ကိုယ်တော်အား ကြောက်ရွံ့ရိုသေကြလော့။
33:9 ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ကမ္ဘာလောကသည်ဖြစ်ပေါ်လာ၏။ ကိုယ်တော်မိန့်တော်မူသောအခါခပ်သိမ်းသော အရာတို့သည်ပေါ်ပေါက်လာကြ၏။
33:10 ထာဝရဘုရားသည်လူမျိုးတကာတို့၏ ရည်မှန်းချက်များကိုပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည်များကိုလည်း အထမမြောက်စေရန်ဆီးတားတော်မူ၏။
33:11 သို့ရာတွင်ကိုယ်တော်၏အကြံအစည်တော်တို့ မူကား အဘယ်ကာလ၌မျှပျက်ပြားလိမ့်မည်မဟုတ်။ ကိုယ်တော်၏ရည်မှန်းချက်တို့သည်ထာဝစဉ် အောင်မြင်သတည်း။
33:12 ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
33:13 ထာဝရဘုရားသည်ကောင်းကင်ဘုံမှ ငုံ့၍ကြည့်တော်မူရာ၊ လူသားအပေါင်းကိုမြင်တော်မူ၏။
33:14 ကိုယ်တော်သည်မိမိစိုးစံတော်မူရာအရပ် မှငုံ့၍ ကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကို ကြည့်တော်မူ၏။
33:15 ကိုယ်တော်သည်သူတို့၏စိတ်နှလုံးများကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူသဖြင့် သူတို့ကြံစည်ပြုကျင့်သမျှသော အမှုအရာများကိုသိတော်မူ၏။
33:16 ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။ စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
33:17 စစ်မြင်းတို့သည်အောင်ပွဲရမှုအတွက်အသုံးမဝင်။ သူတို့၏ကြီးမားသောခွန်အားကမကယ်နိုင်။
33:18 ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
33:19 ကိုယ်တော်သည်ထိုသူတို့အားသေဘေးမှ ကယ်တော်မူ၏။ အစာငတ်မွတ်ခေါင်းပါးရာကာလများ၌ သူတို့အားအသက်ရှင်နိုင်ခွင့်ကိုပေးတော် မူ၏။
33:20 ငါတို့သည်ထာဝရဘုရားကိုစောင့်မျှော်ကြ၏။ ကိုယ်တော်သည်ငါတို့အားကူမတော်မူ၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။
33:21 ငါတို့သည်ကိုယ်တော်ကြောင့်ရွှင်လန်း ဝမ်းမြောက်ကြရ၏။ ငါတို့သည်သန့်ရှင်းမြင့်မြတ်တော်မူသော နာမတော်ကိုကိုးစားကြ၏။
33:22 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ စောင့်မျှော်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အားခိုင်မြဲသောမေတ္တာ တော်ကို ခံစားစေတော်မူပါ။