Psalms 37
37:1 သူယုတ်မာတို့၏အတွက်ကြောင့်စိုးရိမ်ပူပန်မှု မဖြစ်နှင့်။
37:2 သူတို့သည်ခြောက်သွေ့သွားသောမြက်ပင်ကဲ့သို့ ပျောက်ပျက်ကြကုန်လိမ့်မည်။ ညှိုးနွမ်းသောအပင်ငယ်များကဲ့သို့ သေကြေပျက်စီးကြလိမ့်မည်။
37:3 ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
37:4 ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
37:5 သင်သည်မိမိကိုယ်ကိုဘုရားသခင်လက်သို့ အပ်နှံလော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင့်ကို ကူမတော်မူလိမ့်မည်။
37:6 သင်၏ဖြောင့်မတ်ခြင်းကိုမွန်းတည့်ရောင်ခြည် ကဲ့သို့ ထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။
37:7 ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။ ကောင်းစားသူတို့ကြောင့်လည်းကောင်း၊ အကြံအစည်အောင်မြင်သော ဆိုးညစ်သူတို့ကြောင့်လည်းကောင်းပူပင်သောက မဖြစ်နှင့်။
37:8 မစိုးရိမ်နှင့်။ ဒေါသအမျက်မထွက်နှင့်။ စိုးရိမ်မှုနှင့်ဒေါသအမျက်သည်သင့်အား ဆိုးကျိုးသာပေးလိမ့်မည်။
37:9 ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့မူကားပြည်နှင် ဒဏ်ကို ခံရကြလိမ့်မည်။
37:10 ကာလအနည်းငယ်အတွင်း၌သူယုတ်မာ တို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။ သင်သည်သူတို့ကိုရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။
37:11 သို့ရာတွင်စိတ်နှိမ့်ချသောသူတို့သည် ပြည်တော်ကိုပိုင်ရလျက်ငြိမ်းချမ်းသာယာမှုနှင့် ကြီးပွားတိုးတက်မှုတို့ကိုခံစားကြရ လိမ့်မည်။-
37:12 သူယုတ်မာသည်သူတော်ကောင်းအား မကောင်းကြံလျက်မုန်းစိတ်နှင့်စူးစူးဝါးဝါး ကြည့်တတ်၏။
37:13 သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်း ထာဝရဘုရားသိတော်မူသဖြင့်သူ့အား ကြည့်၍ ပြုံးရယ်တော်မူ၏။
37:14 သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အား သတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်း ဓားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။
37:15 သို့ရာတွင်ထိုသူတို့သည်မိမိ၏ဓားများဖြင့် ပင်လျှင် ထိုးသတ်ခံကြရလိမ့်မည်။ သူတို့၏လေးများသည်လည်းကျိုးကုန်ကြ လိမ့်မည်။
37:16 သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည် သူယုတ်မာအပေါင်းတို့၏စည်းစိမ်ချမ်းသာ ထက် ပို၍တန်ဖိုးရှိ၏။
37:17 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သူယုတ်မာတို့၏စွမ်းရည်ကိုသိမ်းယူ၍ သူတော်ကောင်းတို့အားကွယ်ကာ စောင့်ရှောက်တော်မူမည်ဖြစ်သောကြောင့် တည်း။
37:18 ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့အားစောင့်ရှောက်တော်မူ၏။ သူတို့သည်ပြည်တော်ကိုထာဝစဉ်ပိုင်ဆိုင် ရကြလိမ့်မည်။
37:19 ခဲယဉ်းရာကာလများ၌သူတို့သည် ဒုက္ခရောက်ကြလိမ့်မည်မဟုတ်။ အစာငတ်မွတ်ခေါင်းပါးချိန်များ၌အစာ ရေစာ လုံလောက်စွာရရှိကြလိမ့်မည်။
37:20 သူယုတ်မာတို့မူကားသေကြလိမ့်မည်။ ထာဝရဘုရားအားရန်ဘက်ပြုသူတို့သည် တောပန်းများကဲ့သို့ပျောက်ကွယ်ကြလိမ့်မည်။ မီးခိုးကဲ့သို့လွင့်ပျောက်ကြလိမ့်မည်။
37:21 သူယုတ်မာသည်ချေးငှားပြီးနောက် ပြန်၍မပေးမဆပ်တတ်။ သူတော်ကောင်းမူကားရက်ရောစွာပေးကမ်း တတ်၏။
37:22 ထာဝရဘုရားကောင်းချီးပေးတော်မူသော သူတို့သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ကျိန်တော်မူခြင်းခံရသော သူတို့မူကားပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
37:23 ထာဝရဘုရားသည်လူတို့လိုက်လျှောက်အပ်သည့် လမ်းကိုပြညွှန်တော်မူ၏။ ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။
37:24 ထာဝရဘုရားသည်သူတို့အား ကူမတော်မူမည်ဖြစ်၍သူတို့သည်လဲ သော်လည်း မထဘဲနေလိမ့်မည်မဟုတ်။
37:25 ယခုအခါငါသည်အသက်ကြီးရင့်လေပြီ။ ငါသည်ကြာရှည်စွာအသက်ရှင်ခဲ့ပါပြီ။ သို့ရာတွင်သူတော်ကောင်းအားထာဝရဘုရား စွန့်ပစ်တော်မူသည်ကိုလည်းကောင်း၊ သူ၏သားသမီးတို့တောင်းစားရသည်ကို လည်းကောင်း တစ်ချိန်တစ်ခါမျှငါမတွေ့မမြင်ခဲ့ဘူးပါ။
37:26 သူသည်အစဉ်ပင်သူတစ်ပါးတို့အားရက်ရောစွာ ပေးကမ်းချေးငှားတတ်၏။ သူ၏သားသမီးများသည်လည်းကောင်းချီး မင်္ဂလာကိုခံရကြ၏။
37:27 ဒုစရိုက်ကိုရှောင်ကြဉ်၍သုစရိုက်ကိုပြုလော့။ သို့ပြုလျှင်သင်၏သားမြေးတို့သည်ပြည်တော် တွင် အစဉ်အမြဲနေရလိမ့်မည်။
37:28 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
37:29 ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုပိုင်ဆိုင်၍ အစဉ်နေထိုင်ရကြလိမ့်မည်။
37:30 သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။ သူသည်အစဉ်ပင်တရားမျှတ၏။
37:31 သူသည်မိမိဘုရား၏တရားတော်ကို နှလုံးသွင်း၍ထား၏။ အဘယ်အခါ၌မျှထိုတရားတော်မှ သွေဖည်၍မသွားပေ။
37:32 သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
37:33 သို့ရာတွင်ထာဝရဘုရားသည် သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။ သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။
37:34 ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
37:35 ငါသည်ပိုင်စိုးပိုင်နင်းပြုတတ်သည့် သူယုတ်မာတစ်ယောက်ကိုတွေ့မြင်ဖူး၏။ သူသည်လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ လူအပေါင်းတို့အပေါ်တွင်လွှမ်းမိုးလျက်နေ၏။
37:36 သို့ရာတွင်နောက်တစ်ကြိမ်ငါဖြတ်သွားသော အခါ သူသည်ထိုအရပ်တွင်မရှိတော့ပြီ။ သူ့ကိုရှာသော်လည်းမတွေ့မမြင်နိုင်တော့ပေ။
37:37 သူတော်ကောင်းကိုကြည့်ရှုလော့။ ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
37:38 သို့ရာတွင်အပြစ်ကူးသူတို့မူကား တစ်ယောက်မကျန်ဆုံးပါးပျက်စီးကြ ကုန်၏။ သူတို့၏သားမြေးအဆက်အနွယ်များသည်လည်း သုတ်သင်ဖယ်ရှားခြင်းကိုခံကြရ၏။
37:39 ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။
37:40 ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။ သူတို့သည်ကိုယ်တော်၏ထံတော်တွင် ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။