Psalms 56
56:1 အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။ ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။
56:2 ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။
56:3 အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။
56:4 ငါသည်ဘုရားသခင်အားကိုးစားသဖြင့် အဘယ်သူကိုမျှကြောက်လန့်မည်မဟုတ်။ ကိုယ်တော်၏ကတိတော်အတွက်ကိုယ်တော်အား ထောမနာပြုမည်။ လူသည်ငါ့အားအဘယ်သို့ပြုနိုင်မည်နည်း။
56:5 ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။ ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။
56:6 သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာ ငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။
56:7 အို ဘုရားသခင်၊ သူတို့ပြုသောဒုစရိုက်အတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ အမျက်တော်ထွက်၍သူတို့အားနှိမ်နင်း တော်မူပါ။
56:8 ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက်ရှိ သည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏မျက်ရည်ပေါက် များကိုစာရင်းပြု၍ထားတော်မူပြီ။ ကိုယ်တော်ရှင်၏စာစောင်တွင်စာရင်းပြု၍ထားသည် မဟုတ်ပါလော။
56:9 ကိုယ်တော်ရှင်အားကျွန်တော်မျိုး တောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။ ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။
56:10 ငါသည်ထာဝရဘုရား၏ကတိတော်များကို ချီးမွမ်းပါ၏။
56:11 ငါသည်ကိုယ်တော်ကိုကိုးစားသဖြင့် အဘယ်သူကိုမျှ ကြောက်လန့်မည်မဟုတ်။ လူသည်ငါ့အားအဘယ်သို့ပြုနိုင်သနည်း။
56:12 အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။
56:13 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည် အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။