Psalms 60
60:1 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စွန့်ပစ်တော်မူ၍အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အမျက်ထွက်တော်မူပါပြီ။ သို့ရာတွင်ယခုကျွန်တော်မျိုးတို့ထံသို့ ပြန်၍ကြွတော်မူပါ။
60:2 ကိုယ်တော်ရှင်သည်ပြည်တော်ကိုသိမ့်သိမ့်တုန် စေ၍ ကွဲအက်စေတော်မူပါပြီ။ ပြည်တော်သည်ပြိုကွဲလျက်ရှိသဖြင့် ကွဲအက်ရာများကိုပြုပြင်တော်မူပါ။
60:3 ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။
60:4 ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေသူတို့ သည် အပြစ်ဒဏ်လွတ်မြောက်စေရန်သူတို့အား ကိုယ်တော်သတိပေးတော်မူပါပြီ။
60:5 ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။
60:6 သန့်ရှင်းရာဌာနတော်မှထာဝရဘုရား က``ငါသည် အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်းခြားမည်။ သုကုတ်ချိုင့်ဝှမ်းကိုငါ၏လူစုတော်အား ခွဲဝေပေးမည်။
60:7 ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည်ငါ၏မကိုဋ်ဖြစ်၍ ယုဒပြည်ကားငါ၏ရာဇလှံတံဖြစ်၏။
60:8 သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးခွက်အဖြစ်ဖြင့်လည်းကောင်း၊ ဧဒုံပြည်ကိုငါ၏ဖိနပ်ချွတ်အဖြစ်ဖြင့် လည်းကောင်း အသုံးပြုမည်။ ဖိလိတ္တိပြည်သည်ငါ့ကိုအနိုင်ရ၍အောင်သံ ဖြင့် ကြွေးကြော်နိုင်မည်ဟုထင်မှတ်သလော'' ဟု မိန့်တော်မူ၏။
60:9 အို ဘုရားသခင်၊ ခိုင်ခံ့လုံခြုံသည့်မြို့တွင်းသို့အဘယ်သူသည် ကျွန်တော်မျိုးအားခေါ်ဆောင်သွားပါမည် နည်း။ အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံပြည် သို့ ပို့ဆောင်ပါမည်နည်း။
60:10 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူဘဲနေပါမည်လော။
60:11 ရန်သူကိုတိုက်ခိုက်နိုင်ရန်ကျွန်တော်မျိုးတို့အား ကူမတော်မူပါ။ လူသားတို့၏အကူအညီသည်အချည်းနှီး ဖြစ်ပါ၏။
60:12 ငါတို့၏ဘက်တွင်ဘုရားသခင်ရှိတော်မူလျှင် ငါတို့သည်အောင်မြင်ကြလိမ့်မည်။ ကိုယ်တော်သည်ငါတို့၏ရန်သူများကို နှိမ်နင်းတော်မူလိမ့်မည်။