Psalms 63
63:1 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
63:2 သန့်ရှင်းရာဌာနတွင်ကိုယ်တော်ရှင်အားဖူး မြော်ခွင့်ကို ကျွန်တော်မျိုးအားပေးတော်မူပါ။ ကိုယ်တော်ရှင်၏တန်ခိုးတော်နှင့် ဘုန်းအသရေတော်ကိုဖူးမြော်ခွင့်ပေးတော်မူပါ။
63:3 ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် အသက်ထက်ကောင်းမြတ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
63:4 ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။
63:5 ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။
63:6 ကျွန်တော်မျိုးသည်အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ် ကိုယ်တော်ရှင်အားအောက်မေ့သတိရပါ၏။ တစ်ညဥ့်လုံးကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏။
63:7 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
63:8 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
63:9 ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် မရဏာနိုင်ငံသို့သက်ဆင်းကြရပါလိမ့် မည်။
63:10 သူတို့သည်စစ်ပွဲတွင်ကျဆုံးကြရ၍ သူတို့၏ ရုပ်အလောင်းများကိုဝံပုလွေတို့ စားကြပါလိမ့်မည်။
63:11 ဘုရားသခင်သည်မင်းကြီးအားအောင်ပွဲ ပေးတော်မူသဖြင့် မင်းကြီးသည်ဝမ်းမြောက်ပါလိမ့်မည်။ ထာဝရဘုရား၏နာမတော်အားဖြင့် သစ္စာကတိပြုသူအပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြလိမ့်မည်။ သို့ရာတွင်မုသားကိုသုံးသောသူတို့၏ နှုတ်များမူကားပိတ်လျက်နေရလိမ့်မည်။