Psalms 68
68:1 ဘုရားသခင်သည်ထတော်မူ၍ကိုယ်တော်၏ ရန်သူများကိုကွဲလွင့်စေတော်မူ၏။ ကိုယ်တော်ကိုမုန်းသောသူတို့သည်အရေးနိမ့်၍ ထွက်ပြေးကြ၏။
68:2 ကိုယ်တော်သည်သူတို့အားလေတွင်လွင့်ပါ သွားသော မီးခိုးကဲ့သို့လွင့်စင်သွားစေတော်မူ၏။ ဖယောင်းသည်မီးရှေ့တွင်အရည်ပျော်သကဲ့သို့ လူယုတ်မာတို့သည်ဘုရားသခင်၏ရှေ့တွင် သေကျေပျက်စီးကြ၏။
68:3 သူတော်ကောင်းတို့မူကားကိုယ်တော်၏ရှေ့တော်တွင် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်အလွန်ပင်ပျော်ရွှင်ကြ၍ ဝမ်းမြောက်စွာကြွေးကြော်ကြ၏။
68:4 ဘုရားသခင်အားသီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်အားထောမနာ သီချင်းဆိုကြလော့။ မိုးတိမ်ကိုစီးတော်မူသောအရှင်၏အတွက် လမ်းခရီးကိုပြင်ဆင်ကြလော့။ ထိုအရှင်၏နာမတော်ကားထာဝရဘုရား ဖြစ်သတည်း။ ကိုယ်တော်၏ရှေ့တော်တွင်ဝမ်းမြောက်ကြလော့။
68:5 သန့်ရှင်းမြင့်မြတ်သည့်ဗိမာန်တော်တွင် ကိန်းဝပ်တော်မူသောဘုရားသခင်သည် မိဘမဲ့သူများကိုစောင့်ရှောက်၍မုဆိုးမ များကို ကာကွယ်တော်မူ၏။
68:6 ကိုယ်တော်သည်အဖော်မဲ့သူတို့အားအိမ် ထောင်နှင့် နေထိုင်ခွင့်ကိုပေးတော်မူ၍ အကျဉ်းခံရသူတို့ကိုအနှောင်အဖွဲ့မှ လွတ်မြောက်စေတော်မူ၏။ သို့ရာတွင်ကိုယ်တော်အားပုန်ကန်ကြသူတို့ သည်ကား သွေ့ခြောက်သည့်အရပ်တွင်နေထိုင်ကြရလိမ့်မည်။
68:7 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား လမ်းပြပို့ဆောင်ကာတောကန္တာရကိုဖြတ်၍ ချီတက်တော်မူသောအခါ၌
68:8 မြေကြီးသည်တုန်လှုပ်၍မိုးကောင်းကင်မှ မိုးရွာပါ၏။ အဘယ်ကြောင့်ဆိုသော် သိနာတောင်၏ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသည် ကြွလာတော်မူသောကြောင့်ဖြစ်ပါ၏။-
68:9 ကိုယ်တော်ရှင်သည်မိုးကိုသည်းထန်စွာရွာစေ သဖြင့် ပင်ပန်းနွမ်းနယ်လျက်နေသည့်ပြည်တော်ကို ပြန်လည်၍လန်းဆန်းစေတော်မူပါ၏။
68:10 ကိုယ်တော်ရှင်၏လူစုတော်သည်ထိုအရပ်တွင် နေထိုင်ကြ၏။ ဆင်းရဲနွမ်းပါးသူတို့သည်ကိုယ်တော်ရှင်၏ ကောင်းမြတ်တော်မူခြင်းကြောင့်ဖူလုံလျက်ရှိ ကြပါ၏။
68:11 ဘုရားရှင်အမိန့်တော်ရှိ၍အမျိုးသမီး အမြောက်အမြားသည် ``ရှင်ဘုရင်များနှင့်သူတို့၏စစ်သည်ဗိုလ်ခြေ တို့သည် ဆုတ်ပြေးကြလေပြီ'' ဟုသတင်းလွှင့်ကြ၏။ အမျိုးသမီးတို့သည်မိမိတို့အိမ်များတွင် လက်ရပစ္စည်းများကိုခွဲဝေကြ၏။
68:13 ယင်းပစ္စည်းများမှာရွှေရောင်ပြောင်လက်သော အမွေးအတောင်များရှိသည့် ငွေဖြင့်ဖုံးအုပ်သောချိုးငှက်ရုပ်များဖြစ်သည်။ (သင်တို့အချို့သည်စစ်ပွဲဝင်သောနေ့တွင် အဘယ်ကြောင့်သိုးခြံများ၌နေခဲ့သနည်း။)
68:14 အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဇာလမုန်တောင်ပေါ်တွင်ဘုရင်မင်းတို့ကို ကွဲလွင့်စေတော်မူသောအခါထိုတောင်ပေါ် တွင် မိုးပွင့်များကျစေတော်မူ၏။
68:15 ဗာရှန်တောင်သည်လွန်စွာကြီးမားလှပါပေသည်။ တောင်ထိပ်များစွာရှိသည့်တောင်ဖြစ်ပါသည် တကား။
68:16 ကြီးမားသည့်တောင်ထိပ်များမှသင်သည် အဘယ်ကြောင့်ဘုရားသခင်ကိန်းဝပ်တော် မူရန် ရွေးချယ်ထားသည့်တောင်တော်ကိုမထီလေးစား စိတ်ဖြင့်ကြည့်ပါသနည်း။ ထာဝရဘုရားသည်ထိုတောင်ပေါ်တွင်ထာဝစဉ် ကိန်းဝပ်တော်မူမည်။
68:17 ထာဝရဘုရားသည်အင်အားကြီးမားသည့် စစ်ရထားထောင်ပေါင်းများစွာနှင့် သိနာတောင်မှသန့်ရှင်းမြင့်မြတ်သည့် အရပ်သို့ ကြွလာတော်မူ၏။
68:18 ကိုယ်တော်သည်သုံ့ပန်းများကိုခေါ်ဆောင်၍ မြင့်သောအရပ်သို့တက်ကြွတော်မူ၏။ ကိုယ်တော်သည်ပုန်ကန်သူတို့၏ထံမှ လက်ဆောင်ပဏ္ဏာများကိုခံယူတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည်ထိုအရပ် တွင် ကိန်းဝပ်တော်မူမည်။-
68:19 ငါတို့၏ဝန်ထုပ်များကိုနေ့စဉ်နေ့တိုင်း သယ်ဆောင်တော်မူသောထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်သည်ငါတို့ကိုကယ်တော်မူသော ဘုရားဖြစ်တော်မူ၏။
68:20 ငါတို့၏ဘုရားသည်ကယ်တော်မူသောဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်ကားထာဝရဘုရား၊ ငါတို့အားသေဘေးမှကယ်ဆယ်တော် မူသော ငါတို့၏ဘုရားရှင်ဖြစ်တော်မူ၏။
68:21 ထာဝရဘုရားသည်မိမိ၏ရန်သူများနှင့် အပြစ်ပြုမြဲပြုနေသူများ၏ဦးခေါင်းကို ဧကန်အမှန်ခုတ်ဖြတ်တော်မူလိမ့်မည်။
68:22 ဘုရားသခင်က``သင်တို့သည်ရန်သူများ၏ သွေးအိုင်တွင်လျှောက်သွားနိုင်ကြစေရန်နှင့် သင်တို့၏ခွေးများသည်သူတို့၏သွေးကို အလိုရှိသမျှလျက်သောက်နိုင်ကြစေရန် သူတို့အားဗာရှန်ပြည်မှငါပြန်လည်ခေါ်ဆောင် ခဲ့မည်။ သမုဒ္ဒရာရေနက်ကြီးထဲမှပြန်လည်ခေါ်ဆောင် ခဲ့မည်'' ဟုမိန့်တော်မူ၏။
68:24 အို ဘုရားသခင်၊ ကိုယ်တော်ရှင်အောင်စစ်ချီတော်မူခြင်း၊ ကျွန်တော်မျိုး၏အရှင်ဘုရားသခင်သည် သန့်ရှင်းရာဌာနတော်သို့ကြွဝင်တော်မူခြင်းကို လူပေါင်းတို့တွေ့မြင်ကြပါ၏။
68:25 သီချင်းသီဆိုသူများသည်ရှေ့မှလိုက်၍ တူရိယာတီးမှုတ်သူများကနောက်မှလိုက် ကြပါ၏။ ပတ်သာတီးမှုတ်သူအမျိုးသမီးငယ်များကမူ အလယ်မှလိုက်ပါကြပါ၏။
68:26 ကိုယ်တော်၏လူစုတော်အစည်းအဝေးတွင် ဘုရားသခင်အားထောမနာပြုလော့။ ယာကုပ်၏သားမြေးအပေါင်းတို့၊ထာဝရ ဘုရားအားထောမနာပြုကြလော့။
68:27 ချီတက်လာသောထိုလူစုထဲတွင်ဦးစွာ အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အနွယ်ဝင်များ၊ ထိုနောက်ယုဒခေါင်းဆောင်များနှင့်အနွယ် ဝင်များ၊ သူတို့နောက်မှဇာဗုလုန်နှင့်နဿလိ ခေါင်းဆောင်များနှင့်အနွယ်ဝင်များလိုက်ပါ ကြ၏။
68:28 အို ဘုရားသခင်၊ ရှင်ဘုရင်များကိုယ်တော်ထံလက်ဆောင်များ ဆက်သရာယေရုရှင်လင်မြို့ရှိဗိမာန်တော်မှ ကျွန်တော်မျိုးတို့အတွက်အသုံးပြုတော်မူ ခဲ့သော တန်ခိုးတော်ကိုပြတော်မူပါ။
68:30 ကူတောမှသားရဲတိရစ္ဆာန်ဖြစ်သည့်အီဂျစ် ပြည်ကို ဆုံးမတော်မူပါ။ နွားလားဥသဘများနှင့်နောက်လိုက် နွားပျိုများတည်းဟူသောလူမျိုးများ သည် ကိုယ်တော်ရှင်အားဦးညွှတ်ပျပ်ဝပ်၍ လက်ဆောင် ပဏ္ဏာဆက်သလာသည်တိုင်အောင်သူတို့အား ဆုံးမတော်မူပါ။ စစ်တိုက်ရန်နှစ်သက်သောလူမျိုးတို့ကိုကွဲလွင့် စေတော်မူပါ။
68:31 အီဂျစ်ပြည်မှသံတမန်များသည်အထံ တော်သို့ လာကြပါလိမ့်မည်။ ဆူဒန်ပြည်သားတို့သည်လက်အုပ်ချီ၍ ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါလိမ့်မည်။
68:32 လောကနိုင်ငံအပေါင်းတို့၊ဘုရားသခင်အား သီချင်းဆို၍ချီးမွမ်းကြလော့။ ရှေးမဆွကတည်ရှိနေသည့်မိုးကောင်းကင်တွင် ကြွမြန်းတော်မူသောဘုရားရှင်အား ထောမနာသီချင်းဆိုကြလော့။ ကျယ်စွာမိန့်မြွက်တော်မူသောအသံကို နားထောင်ကြလော့။
68:34 ဘုရားသခင်၏တန်ခိုးတော်ကိုထုတ်ဖော် ကြေညာကြလော့။ ကိုယ်တော်၏ဂုဏ်ကျက်သရေတော်သည် ဣသရေလအမျိုးသားတို့အပေါ်တွင်လွှမ်းမိုး၍ ကိုယ်တော်၏ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်၌ထင်ရှားလျက်ရှိ၏။
68:35 သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။