Psalms 74
74:1 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
74:2 ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့် ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။
74:3 ကျွန်တော်မျိုးတို့၏ရန်သူများသည် ဗိမာန်တော်အတွင်းမှရှိသမျှသောအရာ တို့ကို ဖျက်ဆီးပစ်ကြပါပြီ။ ကိုယ်တော်ရှင်သည်ကြွလာတော်မူ၍လုံးဝ ပျက်စီးနေသည့်အရာများကိုကြည့်ရှုတော် မူပါ။
74:4 ကိုယ်တော်ရှင်၏ရန်သူတို့သည်ဗိမာန်တော်ထဲ၌ အောင်သံကြွေးကြော်ကြပါပြီ။ ဗိမာန်တော်တွင်အောင်လံများကိုစိုက်ထူကြ ပါပြီ။
74:5 သစ်ခုတ်သမားများသည်ပုဆိန်ဖြင့်သစ်ပင်များကို ခုတ်လှဲသကဲ့သို့
74:6 သူတို့သည်ဗိမာန်တော်သစ်သားပန်းပုလက်ရာ များကို ပုဆိန်တင်းပုတ်များဖြင့်ရိုက်ချိုးပစ်ကြပါ၏။
74:7 သူတို့သည်ကိုယ်တော်ရှင်၏ဗိမာန်တော်ကို မီးရှို့ကြပါ၏။ ကိုယ်တော်ရှင်အားကိုးကွယ်ဝတ်ပြုရာဌာနတော်ကို ဖြိုဖျက်၍ညစ်ညမ်းစေကြပါ၏။
74:8 သူတို့သည်ကျွန်တော်မျိုးတို့အားနာလန်မထူနိုင်အောင် ချေမှုန်းလိုကြပါ၏။ တိုင်းပြည်တွင်ရှိသမျှသောဝတ်ပြုကိုးကွယ်ရာ ဌာနတို့ကိုမီးရှို့ပစ်ကြပါ၏။
74:9 ကျွန်တော်မျိုးတို့၏ဘာသာတရားဆိုင်ရာ အမှတ်အသားများအားလုံးပင်မရှိတော့ပါ။ ပရောဖက်များလည်းမရှိတော့ပါ။ အဘယ်မျှကြာအောင်ဤသို့ဖြစ်နေမည်ကို အဘယ်သူမျှမသိပါ။
74:10 အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။
74:11 အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကူမရန် ငြင်းဆန်တော်မူပါသနည်း။ အဘယ်ကြောင့်လက်ပိုက်၍နေတော်မူပါ သနည်း။
74:12 သို့သော် အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အစမူလကတည်းကပင်လျှင် ကျွန်တော်မျိုးတို့၏ဘုရင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ကို အကြိမ်ပေါင်းများစွာကယ်တော်မူခဲ့ပါပြီ။
74:13 ကိုယ်တော်ရှင်သည်မဟာတန်ခိုးတော်ဖြင့် ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ ရေသူရဲတို့၏ဦးခေါင်းများကိုခွဲတော်မူ ပါ၏။-
74:14 ကိုယ်တော်ရှင်သည်ရေနဂါးကြီးလေဝိသန် ၏ ဦးခေါင်းများကိုချေမှုန်းတော်မူ၍ အသေကောင်ကိုတောကန္တာရရှိသားရဲ တိရစ္ဆာန်တို့အားစားရန်ပေးအပ်တော်မူ ပါ၏။-
74:15 ကိုယ်တော်ရှင်သည်ချောင်းရေနှင့်စမ်းရေကို ပေါက်စေတော်မူ၍ မြစ်ကြီးများကိုခန်းခြောက်စေတော်မူပါ၏။
74:16 နေ့နှင့်ညကိုဖန်ဆင်းတော်မူ၍နေနှင့်လကို နေရာချတော်မူပါ၏။
74:17 ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီး၏နယ် နိမိတ်ကို သတ်မှတ်တော်မူ၍နွေဥတုနှင့်ဆောင်းဥတုကို ဖန်ဆင်းတော်မူပါ၏။
74:18 သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရန်သူတို့သည်ကိုယ်တော်ရှင် အား ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ သူတို့သည်ဘုရားမဲ့၍ကိုယ်တော်ရှင်အား မထီမဲ့မြင် ပြုကြသည်ကိုလည်းကောင်းသတိရတော်မူပါ။
74:19 ကိုယ်တော်ရှင်၏ခိုကိုးရာမဲ့သည့်လူစုတော်အား ရက်စက်ကြမ်းကြုတ်သောရန်သူများ၏ လက်တွင် စွန့်ပစ်ထားတော်မမူပါနှင့်။ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသောကိုယ်တော် ရှင်၏ လူစုတော်အားမေ့လျော့တော်မမူပါနှင့်။
74:20 ကျွန်တော်မျိုးတို့နှင့်ကိုယ်တော်ရှင်ပြုထားသည့် ပဋိညာဉ်တော်ကိုသတိရတော်မူပါ။ တိုင်းပြည်ရှိမှောင်ကျရာအရပ်တိုင်းတွင် အကြမ်းဖက်မှုရှိပါ၏။
74:21 ဖိစီးနှိပ်စက်ခြင်းခံရသူတို့အားအရှက်ကွဲ စေတော်မမူပါနှင့်။ ယင်းဆင်းရဲသူများသည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။
74:22 အို ဘုရားသခင်၊ ထတော်မူ၍ကိုယ်တော်ရှင်၏အာဏာကို တည်စေတော်မူပါ။ ဘုရားမဲ့သူတို့သည်ကိုယ်တော်ရှင်အားတစ်နေ့လုံး ပြက်ရယ်ပြုကြသည်ကိုသတိရတော်မူပါ။
74:23 ကိုယ်တော်ရှင်၏ရန်သူတို့အမျက်ထွက်၍ဟစ် အော်သံ၊ ကိုယ်တော်ရှင်အားရန်ဘက်ပြုသူတို့၏အစဉ်မပြတ် အော်သံတို့ကိုမေ့လျော့တော်မမူပါနှင့်။