Psalms 77
77:1 ငါသည်ဘုရားသခင်ထံတော်သို့ကျယ်စွာ အော်ဟစ်၏။ ငါသည်ကျယ်စွာအော်ဟစ်သဖြင့် ကိုယ်တော်ကြားတော်မူ၏။
77:2 ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။ တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
77:3 ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။ လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
77:4 ကိုယ်တော်သည်ငါ့အားတစ်ညလုံးအိပ်ပျော်ခွင့်ကို ပေးတော်မမူပါ။ ငါသည်ပူပင်သောကရောက်ရလွန်းသဖြင့် စကားပင်မပြောနိုင်ပါ။
77:5 ငါသည်ကုန်လွန်သွားသည့်နေ့ရက်များအကြောင်း ကို စဉ်းစား၍လွန်လေပြီးသည့်နှစ်များကို အောက်မေ့သတိရပါ၏။
77:6 တစ်ညလုံးငါသည်ဆင်ခြင်စဉ်းစားလျက်နေစဉ်၊
77:7 ဤသို့မိမိကိုယ်ကိုမေး၏။ ``ဘုရားရှင်သည်ငါတို့ကိုအစဉ်အမြဲ စွန့်ပစ်တော်မူမည်လော။ ကိုယ်တော်သည်ငါတို့အားအဘယ်အခါ၌မှ ပြန်၍နှစ်သက်တော်မမူတော့ပြီလော။
77:8 ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
77:9 ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။''
77:10 ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့် ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။-
77:11 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော ထူးမြတ်သည့်အမှုအရာတို့ကိုအောက်မေ့ သတိရပါမည်။ အတိတ်ကာလ၌ကိုယ်တော်ရှင်ပြုတော်မူခဲ့သော အံ့သြဖွယ်ရာတို့ကိုပြန်လည်သတိရပါမည်။
77:12 ကိုယ်တော်ရှင်ပြုတော်မူခဲ့သမျှသောအမှုတို့ကို စဉ်းစားပါမည်။ ကိုယ်တော်ရှင်၏ကြီးမြတ်သည့်အမှုတော်တို့ကို ဆင်ခြင်ပါမည်။
77:13 အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသမျှတို့သည် မြင့်မြတ်ပါ၏။ ကိုယ်တော်ရှင်ကဲ့သို့အဘယ်ဘုရားမျှမကြီး မြတ်ပါ။
77:14 ကိုယ်တော်ရှင်သည်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူသော ဘုရားဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ဘုန်းတန်ခိုးတော် တို့ကို လူမျိုးတကာတို့အားပြတော်မူခဲ့ပါ၏။
77:15 ကိုယ်တော်ရှင်၏လူစုတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်တို့၏အမျိုးအနွယ်များကို တန်ခိုးတော်အားဖြင့်ကယ်တော်မူပါ၏။
77:16 အို ဘုရားသခင်၊ ရေတို့သည်ကိုယ်တော်ရှင်ကိုမြင်သောအခါ ကြောက်ရွံ့ကြပါ၏။ ပင်လယ်ရေနက်ရာအရပ်တို့သည်လည်း တုန်လှုပ်ကြပါ၏။
77:17 မိုးတိမ်တို့သည်မိုးကိုရွာသွန်းပေးပါ၏။ ကောင်းကင်ပြင်တွင်မိုးကြိုးပစ်လျက် အရပ်လေးမျက်နှာတွင်လျှပ်စစ်များလက်ပါ၏။
77:18 ကိုယ်တော်ရှင်၏မိုးကြိုးသံသည်မြည်ဟည်း ထွက်ပေါ်လာလျက် လျှပ်ပန်းလျှပ်နွယ်တို့သည်လည်းကမ္ဘာ တစ်ဝန်းလုံးကိုလင်းစေပါ၏။ မြေကြီးသည်ထိတ်လန့်တုန်လှုပ်ပါ၏။
77:19 ကိုယ်တော်ရှင်သည်ပင်လယ်ပြင်တွင် လျှောက်သွားတော်မူ၍နက်ရှိုင်းသော သမုဒ္ဒရာကို ဖြတ်ကျော်တော်မူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်၏ခြေတော်ရာများ ကိုမူ မတွေ့မမြင်နိုင်ပါ။
77:20 ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။