Psalms 79
79:1 အို ဘုရားသခင်၊ ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။
79:2 သူတို့သည်ကိုယ်တော်ရှင့်လူစုတော်၏ အလောင်းများကိုငှက်စာဖြစ်စေရန်လည်းကောင်း၊ ကိုယ်တော်ရှင့်အစေခံတို့၏အလောင်းများကို သားရဲတိရစ္ဆာန်စာဖြစ်စေရန်လည်းကောင်း ပစ်ထားကြပါပြီ။
79:3 သူတို့သည်ကိုယ်တော်ရှင့်လူစု၏သွေးကို ရေကဲ့သို့ ယိုစီးစေကြပါ၏။ သွေးချောင်းသည်ယေရုရှလင်မြို့ကိုဖြတ်၍ စီးဆင်းလျက်ရှိပါ၏။ အလောင်းများကိုသင်္ဂြိုဟ်မည့်သူတစ်စုံ တစ်ယောက်မျှ မကျန်တော့ပါ။
79:4 ပတ်လည်ရှိတိုင်းနိုင်ငံတို့သည်ကျွန်တော်မျိုး တို့အား ပြက်ရယ်ပြုကြပါ၏။ ကဲ့ရဲ့ပြောင်လှောင်ကြပါ၏။
79:5 အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။
79:6 ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့် လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။
79:7 ထိုသူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို သတ်ဖြတ်ကြပါပြီ။ ပြည်တော်ကိုလည်းယိုယွင်းပျက်စီးစေကြပါပြီ။
79:8 ဘိုးဘေးတို့၏အပြစ်များအတွက် ကျွန်တော်မျိုးတို့အားဒဏ်ခတ်တော်မမူပါနှင့်။ ယခုကျွန်တော်မျိုးတို့ကိုသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည်မျှော်လင့်ရာမဲ့လျက် ရှိကြပါ၏။
79:9 အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုကူမတော်မူပါ။ ကယ်မတော်မူပါ။ ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့ကိုကယ်ဆယ်တော်မူ၍ ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
79:10 ``သင်တို့၏ဘုရားသည်အဘယ်မှာနည်း'' ဟု လူမျိုးတကာတို့သည်အဘယ်ကြောင့် မေးရကြပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့၏သွေးကိုသွန်သည့် လူမျိုးတို့အားအပြစ်ဒဏ်ခတ်တော်မူသည်ကို ကျွန်တော်မျိုးတို့မြင်ရကြပါစေသော။
79:11 အကျဉ်းသားတို့၏ညည်းညူသံများကို နားထောင်တော်မူ၍သေဒဏ်သင့်သူတို့အား ကိုယ်တော်ရှင်၏မဟာတန်ခိုးတော်ဖြင့် လွတ်မြောက်စေတော်မူပါ။
79:12 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့် တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။
79:13 ထိုအခါသိုးစုတော်တည်းဟူသောကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သည့်ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကိုအစဉ်မပြတ်ချီးမွမ်းကြ ပါမည်။ သားစဉ်မြေးဆက်ဂုဏ်တော်ကိုချီးကူးကြ ပါမည်။