Psalms 81
81:1 ငါတို့ဘက်မှကာကွယ်တော်မူသောအရှင် တည်းဟူသောဘုရားသခင်အား ဝမ်းမြောက်စွာသီချင်းဆိုကြလော့။ ယာကုပ်၏ဘုရားအားထောမနာသီချင်းဆို ကြလော့။
81:2 သီဆိုတီးမှုတ်မှုကိုအစပြုကြလော့။ စောင်း ကြီး စောင်းငယ်တို့ကိုသာယာစွာတီးကြလော့။
81:3 လဆန်းနေ့နှင့်လပြည့်နေ့တွင်ပွဲသဘင် ကျင်းပရန်အတွက်တံပိုးခရာမှုတ်ကြ လော့။
81:4 ဤသို့ပွဲသဘင်ကျင်းပရန်ဣသရေလ အမျိုးသားတို့၌ဥပဒေရှိပေသည်။ ယာကုပ်၏ဘုရားသခင်ပေးတော်မူသော အမိန့်တော်လည်းဖြစ်ပေသည်။
81:5 ကိုယ်တော်သည်အီဂျစ်ပြည်ကိုတိုက်ခိုက်တော် မူစဉ်က ယင်းအမိန့်ကိုဣသရေလအမျိုးသားတို့အား ပေးတော်မူ၏။ မသိမကျွမ်းသောအသံကိုငါကြားရ၏။
81:6 ထိုအသံက``သင်တို့၏ပခုံးထက်မှလေးလံ သော ဝန်ထုပ်ကိုငါယူပစ်လျက် သင်တို့အုတ်သယ်သည့်ခြင်းတောင်းများကို ချထားစေ၏။
81:7 သင်တို့သည်ဒုက္ခရောက်စဉ်အခါ၌ ငါ့ကိုအော်ဟစ်သောအခါ ငါသည်သင်တို့အားကယ်ခဲ့၏။ မိုးသက်မုန်တိုင်းအတွင်းမမြင်နိုင်သောအရပ် မှနေ၍ သင်တို့အားငါဖြေကြားခဲ့၏။ မေရိဘစမ်းရေအနီးတွင်သင်တို့အားငါ သွေးစမ်းခဲ့၏။
81:8 ငါ၏လူစုတော်တို့၊ငါသတိပေးသည်ကို နားထောင်စေချင်စမ်းပါဘိ။ ဣသရေလအမျိုးသားတို့၊သင်တို့သည်ငါ့ စကားကို နားထောင်ကြလော့။
81:9 သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။
81:10 ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့ခံတွင်းကိုဖွင့်ဟကြလော့။ ငါသည်သင်တို့အားကျွေးမွေးမည်။
81:11 သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
81:12 သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့် သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
81:13 ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။ ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။
81:14 သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။ သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။
81:15 ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
81:16 ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍ တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။