Psalms 83
83:1 အို ဘုရားသခင်၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ငြိမ်သက်စွာနေတော်မမူပါနှင့်။ ဆိတ်ငြိမ်စွာနေတော်မမူပါနှင့်။
83:2 ကိုယ်တော်ရှင်၏ရန်သူတို့သည်သောင်း ကျန်း ထကြွလျက်နေကြပါ၏။ ကိုယ်တော်ရှင်ကိုမုန်းသောသူတို့သည် တော်လှန်ပုန်ကန်လျက်နေကြပါ၏။
83:3 သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်အား တိုက်ခိုက်ရန်လျှို့ဝှက်ကြံစည်လျက်နေကြ ပါ၏။ ကိုယ်တော်ရှင်ကွယ်ကာထားတော်မူသော သူတို့အားဆန့်ကျင်ရန်တိုင်ပင်လျက်နေ ကြပါ၏။
83:4 သူတို့က``လာကြ၊ဣသရေလမျိုးရိုးသည် ထာဝစဉ်တိမ်ကော၍သွားစေရန်သူတို့ လူမျိုးကို သုတ်သင်ချေမှုန်းကြကုန်အံ့'' ဟုဆိုကြ၏။
83:5 သူတို့သည်တညီတညွတ်တည်း တိုင်ပင်ကြံစည်ကြပြီးနောက် ကိုယ်တော်ရှင်အားဆန့်ကျင်ဘက်ပြု၍ မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းလိုက်ကြပါ၏။
83:6 ထိုမဟာမိတ်အဖွဲ့တွင်ဧဒုံ၊ဣရှမေလ၊ မောဘ၊ ဟာဂရအမျိုးသားများ၊
83:7 ဂေဗလ၊အမ္မုန်၊အာမလက်၊ဖိလိတ္တိအမျိုးသား များနှင့် တုရုမြို့သားများပါဝင်ကြ၏။
83:8 အာရှုရိအမျိုးသားများသည်လည်းလောတ၏ သားမြေးများဖြစ်သောအမ္မုန်နှင့်မောဘဘက်မှ မဟာမိတ်အဖြစ်ဖြင့်ပါဝင်ကြပါ၏။
83:9 အင်္ဒေါရအရပ်တွင်မိဒျန်အမျိုးသား တို့သည်လည်းကောင်း၊ ခိရှုန်မြစ်အနီး၌သိရမင်းနှင့်ယာဘိန်မင်း တို့သည်လည်းကောင်းစစ်ပွဲရှုံးသဖြင့် သူတို့၏အလောင်းများသည်စစ်တလင်း ပေါ်၌ ပုပ်ပျက်သွားစေသကဲ့သို့ ဤမဟာမိတ်အဖွဲ့အားလည်းအလား တူ ကံကြမ္မာနှင့်တွေ့ကြုံစေတော်မူပါ။-
83:11 သြရဘမင်းနှင့်ဇေဘမင်းတို့ကို ကိုယ်တော်ရှင် ပြုသကဲ့သို့ သူတို့၏ခေါင်းဆောင်များအားပြုတော်မူပါ။ ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့အားအရေးရှုံးနိမ့် စေတော်မူသကဲ့သို့ သူတို့၏မင်းရှိသမျှအားလည်းအရေးရှုံးနိမ့် စေတော်မူပါ။-
83:12 ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့က``ငါတို့သည် ဘုရားသခင်ပိုင်တော်မူသောပြည်ကို သိမ်းယူကြကုန်အံ့'' ဟုဆိုကြပါ၏။
83:13 အို ဘုရားသခင်၊ သူတို့အားလေဗွေ၌ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာလွင့်ပါသွားတတ်သည့် ဖွဲကဲ့သို့လည်းကောင်းဖြစ်စေတော်မူပါ။
83:14 သစ်တောကိုကျွမ်းလောင်စေသည့် မီးကဲ့သို့လည်းကောင်း၊ တောင်ကုန်းများကိုကျွမ်းလောင်စေသည့် မီးတောက်မီးလျှံကဲ့သို့လည်းကောင်း
83:15 ကိုယ်တော်ရှင်၏မိုးသက်မုန်တိုင်းအားဖြင့် သူတို့အားလိုက်လံတိုက်ခိုက်တော်မူပါ။ ကိုယ်တော်ရှင်၏လေပြင်းအားဖြင့်သူတို့ကို ကြောက်လန့်စေတော်မူပါ။
83:16 အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏တန်ခိုးတော် ကြီးမားကြောင်းကိုဝန်ခံကြစေရန်မျက်နှာကို ရှက်စေတော်မူပါ။
83:17 သူတို့သည်အစဉ်အမြဲအရေးရှုံးနိမ့်လျက် ထိတ်လန့်ကြပါစေသော။ သူတို့သည်လုံးဝဂုဏ်အသရေပျက်လျက် သေကျေကြပါစေသော။
83:18 သူတို့သည်ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၍ ကမ္ဘာတစ်ဝန်းလုံးတွင်ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူကြောင်းကိုသိရှိကြပါစေသော။