Psalms 89
89:1 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုအစဉ်သီချင်းဆို ပါမည်။ အခါခပ်သိမ်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာပါမည်။
89:2 ကိုယ်တော်ရှင်၏မေတ္တာတော်သည်ကာလအစဉ် တည်တော်မူ၍ သစ္စာတော်သည်လည်းမိုးကောင်းကင်ကဲ့သို့ ခိုင်မြဲတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
89:3 ကိုယ်တော်ရှင်က``ငါရွေးကောက်သူနှင့်ငါသည် ပဋိညာဉ်ပြုပြီ။ ငါ၏အစေခံဒါဝိဒ်အား`သင်၏သားမြေးသည် ရှင်ဘုရင်အရာကိုအမြဲရလိမ့်မည်။ သင်၏မင်းမျိုးမင်းနွယ်သည်အဆက်မပြတ် ဖြစ်လိမ့်မည်' ဟု ငါကတိပေးပြီ'' ဟူ၍မိန့်တော်မူပါ၏။
89:5 ကောင်းကင်တို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်ရာများအကြောင်းကိုသီချင်းဆို ကြပါ၏။ အို ထာဝရဘုရား၊ သန့်ရှင်းသူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုသီချင်းဆိုကြပါ၏။
89:6 အို ထာဝရဘုရား၊ ကောင်းကင်ဘုံတွင်ကိုယ်တော်ရှင်နှင့်အဘယ် သူ တူပါသနည်း။ အဘယ်ကောင်းကင်သားသည်ကိုယ်တော်ကို တုပြိုင်နိုင်ပါသနည်း။
89:7 ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
89:8 အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်ရှင်ကဲ့သို့တန်ခိုးကြီးမားသူ မရှိပါ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ခပ်သိမ်းသောအမှုတို့တွင် သစ္စာရှိတော်မူပါ၏။
89:9 ကိုယ်တော်ရှင်သည်လှိုင်းကြီးသည့်ပင်လယ်ကို အစိုးရတော်မူ၍ ပြင်းထန်သောလှိုင်းတံပိုးတို့ကိုငြိမ်းစေတော်မူပါ။
89:10 ကိုယ်တော်ရှင်သည်ရာခပ် ကို ချေမှုန်းသတ်ဖြတ်ပစ်တော်မူပါ၏။ တန်ခိုးတော်ဖြင့်ကိုယ်တော်ရှင်၏ရန်သူတို့ကို နှိမ်နင်းတော်မူပါ၏။
89:11 ကမ္ဘာမြေကြီးကိုလည်းကောင်း၊မိုးကောင်းကင် ကိုလည်းကောင်းပိုင်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာနှင့်ကမ္ဘာပေါ်တွင် ရှိသမျှသောအရာတို့ကိုဖန်ဆင်းတော်မူပါ၏။
89:12 ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
89:13 ကိုယ်တော်ရှင်သည်လွန်စွာတန်ခိုးကြီးတော်မူ ပါသည်တကား။ ကိုယ်တော်ရှင်၏ခွန်အားတော်သည်ကြီးမား လှပါသည်တကား။
89:14 ကိုယ်တော်ရှင်၏နိုင်ငံတော်သည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသော အမှုအရာတို့တွင်မေတ္တာတော်နှင့်သစ္စာတော် ပေါ်လွင်ထင်ရှားပါ၏။
89:15 သီချင်းဆို၍ကိုယ်တော်ရှင်အားကိုးကွယ် ဝတ်ပြုသော၊ ကိုယ်တော်ရှင်၏ကရုဏာတော်အလင်းတွင် ကျင်လည်သောသူတို့သည်အလွန်မင်္ဂလာ ရှိပါသည်တကား။
89:16 သူတို့သည်ကိုယ်တော်ရှင်ကိုအကြောင်းပြု၍ တစ်နေ့လုံးဝမ်းမြောက်ရွှင်မြူးလျက်နေကြပါ၏။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။
89:17 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အောင်ပွဲကြီးများခံစေတော်မူပါ၏။ မေတ္တာရှိတော်မူသဖြင့်ကျွန်တော်မျိုးတို့အား အနိုင်ရစေတော်မူပါ၏။
89:18 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကွယ်ကာသောသူကိုရွေးချယ်ပေးတော် မူပါ၏။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အတွက် ရှင်ဘုရင်ကိုခန့်ထားပေးတော်မူပါ၏။
89:19 လွန်လေပြီးသောအခါ၌ကိုယ်တော်ရှင်သည် သစ္စာရှိသူအစေခံများအား ဗျာဒိတ်ရူပါရုံတွင်``ထင်ရှားကျော်စောသူ စစ်သူရဲအားငါသည်ကူမတော်မူပြီ။ လူတို့အထဲမှရွေးချယ်ထားသူအားရာဇ ပလ္လင်ကို ငါအပ်နှင်းပြီ။
89:20 ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။
89:21 သူသည်ငါ့ထံမှခွန်အားကိုအစဉ်အမြဲ ရရှိမည်။ ငါ၏တန်ခိုးအားဖြင့်သူ့အားစွမ်းသန် စေမည်။
89:22 သူ၏ရန်သူတို့သည်သူ့အပေါ်တွင်အဘယ် အခါ၌မျှ အနိုင်ရကြလိမ့်မည်မဟုတ်။ သူယုတ်မာတို့သည်သူ့ကိုနှိမ်နင်းနိုင် လိမ့်မည်မဟုတ်။
89:23 ငါသည်သူ၏ရန်သူများကိုချေမှုန်းပစ်မည်။ သူ့ကိုမုန်းသောသူအပေါင်းတို့အား သုတ်သင်ပစ်မည်။
89:24 ငါသည်သူ့အားအစဉ်ချစ်မြတ်နိုး၍သစ္စာ စောင့်မည်။ သူ့အားအစဉ်အောင်ပွဲခံစေမည်။
89:25 ငါသည်သူ၏တိုင်းနိုင်ငံကိုမြေထဲပင်လယ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ်ပြန့်စေမည်။
89:26 သူသည်ငါ့အား`ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။
89:27 ငါသည်သူ့အားငါ၏သားဦးဖြစ်စေမည်။ ဘုန်းအကြီးဆုံးသောဘုရင်ဖြစ်စေမည်။
89:28 ငါသည်သူ့အားထားရှိသည့်ကတိသစ္စာကို အစဉ်တည်စေမည်။ ငါနှင့်သူပြုသောပဋိညာဉ်ကိုခိုင်မြဲစေမည်။
89:29 သူ၏တိုင်းနိုင်ငံသည်မိုးကောင်းကင်ကဲ့သို့ တည်မြဲလိမ့်မည်။ သူ၏သားမြေးများသည်အခါခပ်သိမ်းဘုရင် ဖြစ်ကြလိမ့်မည်။
89:30 ``သို့ရာတွင်အကယ်၍သူ၏သားမြေးတို့သည် ငါ့တရားတော်ကိုပစ်ပယ်ကာငါ၏နည်း ဥပဒေကို မကျင့်သုံးလျှင်သော်လည်းကောင်း၊
89:31 ငါ၏ညွှန်ကြားချက်များကိုလျစ်လူရှု၍ ငါ၏ပညတ်တို့ကိုမစောင့်မထိန်းလျှင် သော်လည်းကောင်း
89:32 ငါသည်သူတို့ပြုသည့်ဒုစရိုက်များအတွက် အပြစ်ပေးမည်။ သူတို့၏အမှားများအတွက်ဒဏ်ခတ်မည်။
89:33 သို့သော်ငါသည်ဒါဝိဒ်ကိုချစ်မြဲချစ်မည်။ သူ့အားငါထားသည့်ကတိတော်ကိုလည်း ဖျက်မည်မဟုတ်။
89:34 ငါသည်သူနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို ပျက်ပြယ်စေမည်မဟုတ်။ သူ့အားပေးခဲ့သောကတိတော်တစ်ခုကိုမျှ ရုပ်သိမ်းမည်မဟုတ်။
89:35 ``ငါသည်အဘယ်အခါ၌မျှဒါဝိဒ်အား လှည့်စား၍ မိန့်ဆိုမည်မဟုတ်ဟူ၍ သန့်ရှင်းမြင့်မြတ်သည့်ငါ့နာမကိုတိုင်တည်၍ တစ်ခါတည်းအပြီးအပိုင်ကတိပေးပြီ။
89:36 ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။ နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။
89:37 သူ၏နိုင်ငံသည်မိုးကောင်းကင်တွင်တည်မြဲသော သက်သေဖြစ်သည့်လကဲ့သို့ အစဉ်အမြဲတည်လျက်နေလိမ့်မည်'' ဟု မိန့်တော်မူ၏။
89:38 သို့ရာတွင်ကိုယ်တော်ရှင်သည် မိမိဘိသိက်ပေးတော်မူသောဘုရင်ကို အမျက်ထွက်တော်မူပါ၏။ ကိုယ်တော်ရှင်သည်သူ့အားစွန့်ပစ်တော်မူပါပြီ။ သူ့အားပစ်ပယ်တော်မူပါပြီ။
89:39 ကိုယ်တော်ရှင်၏အစေခံနှင့်ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်းပယ်ဖျက်တော်မူပါပြီ။ သူ၏သရဖူကိုမြေသို့ချတော်မူပါပြီ။
89:40 သူ၏မြို့တော်တံတိုင်းများကိုချိုးဖျက်တော်မူ၍ သူ၏ခံတပ်များကိုဖြိုဖျက်တော်မူပါပြီ။
89:41 သူ၏အနီးမှဖြတ်သန်းသွားလာကြသူ အပေါင်းသည် သူ၏ဥစ္စာပစ္စည်းများကိုခိုးယူကြပါ၏။ အိမ်နီးချင်းအပေါင်းတို့သည်ပြောင်လှောင် ကြပါ၏။
89:42 ကိုယ်တော်ရှင်သည်သူ၏ရန်သူတို့အားအောင်ပွဲကို ခံစေတော်မူပါပြီ။ သူတို့အားလုံးကိုဝမ်းမြောက်ရွှင်လန်းစေတော် မူပါပြီ။
89:43 ကိုယ်တော်ရှင်သည်သူ၏ဓားတို့ကိုတုံးစေတော် မူ၍ သူ့အားစစ်ပွဲတွင်အရေးရှုံးနိမ့်စေတော်မူ ပါပြီ။
89:44 ကိုယ်တော်ရှင်သည်သူ၏လှံတံတော်ကို ယူသိမ်းတော်မူ၍ သူ၏ရာဇပလ္လင်တော်ကိုမြေသို့ လဲကျစေတော်မူပါပြီ။
89:45 ကိုယ်တော်ရှင်သည်သူ့အားအချိန်မကျမီ အိုစေတော်မူ၍အရှက်တကွဲဖြစ်စေတော်မူပါပြီ။
89:46 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှ ကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။
89:47 ကျွန်တော်မျိုး၏အသက်သည်အဘယ်မျှတိုကြောင်း အောက်မေ့သတိရတော်မူပါ။ ကိုယ်တော်ရှင်သည်သေမျိုးဖြစ်သော ကျွန်တော်မျိုးအပေါင်းတို့အားဖန်ဆင်းထား တော်မူသည်ကိုအောက်မေ့သတိရတော်မူပါ။
89:48 အဘယ်သူသည်မသေဘဲအစဉ်အသက်ရှင်၍ နေနိုင်ပါမည်နည်း။ လူသည်မိမိကိုယ်ကိုအဘယ်သို့လျှင် သင်္ချိုင်းတွင်းသို့မရောက်အောင်တားဆီးနိုင် ပါမည်နည်း။
89:49 အို ဘုရားသခင်၊ ယခင်ကဖော်ပြခဲ့သောကိုယ်တော်ရှင်၏ မေတ္တာတော်ကားအဘယ်မှာနည်း။ ဒါဝိဒ်အားကိုယ်တော်ရှင်ထားတော်မူသော ကတိတော်များကားအဘယ်မှာနည်း။
89:50 ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးသည် အဘယ်သို့ အစော်ကားခံရသည်ကိုလည်းကောင်း၊ ဘုရားမဲ့သူတို့၏ကျိန်ဆဲခြင်းများကို အဘယ်သို့ကျွန်တော်မျိုးခံရသည်ကို လည်းကောင်း မေ့တော်မမူပါနှင့်။
89:51 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ရွေးချယ်သောဘုရင်ကို ကိုယ်တော်ရှင်၏ရန်သူတို့သည်စော်ကားကြ ပါသည်တကား။ သူတို့သည်သူ့အားသွားလေရာရာတွင် စော်ကားကြပါ၏။
89:52 ထာဝရဘုရားအားကာလအစဉ်အဆက် ထောမနာပြုကြကုန်လော့။ အာမင်၊ အာမင်။