Psalms 9
9:1 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုဖော်ပြပါမည်။
9:2 ကိုယ်တော်ရှင်ကိုအမှီပြု၍ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။
9:3 ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။ သူတို့သည်လဲကျသေဆုံးကြပါ၏။
9:4 ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင်စံတော်မူ၍ ဖြောင့်မှန်စွာတရားစီရင်တော်မူ၏။ ကျွန်တော်မျိုး၏အကျိုးကိုထောက်လျက် တရားစီရင်တော်မူပါပြီ။
9:5 ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။ သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့် သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။
9:6 ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့် ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။
9:7 သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။
9:8 လောကကိုတရားသဖြင့်အုပ်စိုးတော်မူ၍ လူမျိုးအပေါင်းတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၏။
9:9 ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။
9:10 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။
9:11 ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။
9:12 ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။
9:13 အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။ အို ထာဝရဘုရား ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။
9:14 သို့မှသာလျှင်ကျွန်တော်မျိုးသည် ယေရုရှလင်မြို့သားတို့၏ရှေ့တွင်ရပ်လျက် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ဖော်ပြနိုင်ပါလိမ့်မည်။ ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော် ကြောင့် ကျွန်တော်မျိုးရွှင်လန်းဝမ်းမြောက်ပါမည်။
9:15 ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
9:16 ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
9:17 ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
9:18 ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။
9:19 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကိုယ်တော်ရှင်အားလူတို့အာခံရန် ခွင့်ပြုတော်မမူပါနှင့်။ ဘုရားမဲ့သူတို့အားရှေ့တော်သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။
9:20 အို ထာဝရဘုရား၊ သူတို့အားကြောက်လန့်စေတော်မူပါ။ မိမိတို့သည်လူမျှသာဖြစ်ကြောင်းကို သိစေတော်မူပါ။