Psalms 91
91:1 ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
91:2 ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကွယ်ကာရာ၊ ကျွန်တော်မျိုးခိုလှုံရာရဲတိုက်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူ၍ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏'' ဟူ၍ ထာဝရဘုရားအားလျှောက်ထားနိုင်လိမ့်မည်။
91:3 ကိုယ်တော်သည်မမြင်နိုင်သော ဘေးဥပဒ်များမှလည်းကောင်း၊ သေစေတတ်သောအနာရောဂါများမှ လည်းကောင်း သင့်ကိုကင်းလွတ်စေတော်မူလိမ့်မည်။
91:4 ကိုယ်တော်သည်မိမိ၏အတောင်တော်ဖြင့် သင့်ကိုဖုံးအုပ်တော်မူလိမ့်မည်။ သင်သည်ကိုယ်တော်၏ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရ၍ဘေးမဲ့လုံခြုံလျက်နေလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည်သင့်ကိုစောင့်ထိန်း ကွယ်ကာရာဒိုင်းလွှားဖြစ်လိမ့်မည်။
91:5 ညဥ့်အခါတွေ့ရတတ်သောဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ နေ့အချိန်ပေါ်ပေါက်တတ်သည့်အန္တရာယ်များ ကိုသော်လည်းကောင်း၊
91:6 မှောင်မိုက်တွင်ကျရောက်တတ်သည့်ကပ်ရောဂါများ ကိုသော်လည်းကောင်း၊ နေ့လည်ချိန်၌သေစေတတ်သည့်ဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ ကြောက်လန့်ရလိမ့်မည်မဟုတ်။
91:7 သင်၏အနီးတွင်လူတစ်ထောင်၊ သင်၏ပတ်လည်တွင်လူတစ်သောင်း ကျဆုံးသော်လည်းသင်၌အထိအခိုက် မရှိရ။
91:8 သူယုတ်မာတို့အဘယ်သို့အပြစ်ဒဏ်သင့်ကြ သည်ကို သင်သည်ဒိဌမြင်ရလိမ့်မည်။
91:9 သင်သည်ထာဝရဘုရားအားသင့်ကိုကွယ်ကာသော အရှင်အဖြစ်ဖြင့်လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားအား သင်ခိုလှုံသောအရှင်အဖြစ်ဖြင့်လည်းကောင်း လက်ခံသည်ဖြစ်၍
91:10 သင်သည်ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်၊ သင်၏အိမ်အနီးသို့လည်းအဘယ်ဘေးဥပဒ်မျှ ချဉ်းကပ်ရလိမ့်မည်မဟုတ်။
91:11 သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။
91:12 သူတို့သည်သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေရန်မိမိတို့၏လက်ဖြင့်သင့်အား ချီပင့်ကြလိမ့်မည်။
91:13 သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
91:14 ဘုရားသခင်က ``ငါ့ကိုချစ်သောသူတို့အားငါကယ်မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဝန်ခံသော သူတို့အားငါကွယ်ကာစောင့်ရှောက်မည်။
91:15 သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။ သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။
91:16 သူတို့အားအသက်ရှည်စေ၍ကယ်တင်ခြင်း ကျေးဇူးကိုခံစားစေမည်'' ဟုမိန့်တော်မူ၏။