Exodus 15
15:1 ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။-
15:2 ထာဝရဘုရားသည်ငါ၏ခွန်အားကြီးသော အကာအကွယ်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည်ကိုယ်တော်အားထောမနာပြုပါမည်။ ကိုယ်တော်သည်ငါ့အဖ၏ဘုရားသခင် ဖြစ်တော်မူ၍ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ကူးရင့်သီဆိုပါမည်။-
15:3 ထာဝရဘုရားသည်စစ်သူရဲဖြစ်တော်မူ၏။ နာမတော်မူကားထာဝရဘုရားဖြစ် တော်မူ၏။
15:4 ``ကိုယ်တော်သည်အီဂျစ်ဘုရင်၏ရထား တပ်နှင့် စစ်တပ်ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏။ သူ၏လက်ရွေးစင်စစ်ဗိုလ်တို့သည်ပင်လယ် နီထဲ၌ ရေနစ်သေဆုံးကုန်၏။
15:5 ပင်လယ်ရေနက်ကသူတို့ကိုဖုံးအုပ်လျက် သူတို့သည်ကျောက်တုံးကဲ့သို့၊အောက်သို့ စုံးစုံးမြုပ်ကြ၏။
15:6 ``အို ထာဝရဘုရား၊ လက်ယာလက်တော်၏အစွမ်းတန်ခိုးတော် သည် အံ့သြကြောက်မက်ဖွယ်ဖြစ်ပါ၏။ လက်ရုံးတော်ဖြင့်ရန်သူကိုချေမှုန်းတော်မူ ပါ၏။
15:7 ကိုယ်တော်သည်ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရန်သူများကို ချေမှုန်းတော်မူပါ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ တောက်လောင်၍ သူတို့ကိုကောက်ရိုးကဲ့သို့လောင်ကျွမ်းစေပါ၏။
15:8 ကိုယ်တော်သည်ပင်လယ်ရေကိုမှုတ်တော်မူသဖြင့်၊ ရေသည်ကြွတက်လာ၍တံတိုင်းကဲ့သို့ တည့်မတ်လျက်နေပါ၏။ ပင်လယ်အောက်ခြေသည်လည်းခိုင်မာလျက် နေ၏။
15:9 ရန်သူက`ငါသည်သူတို့ကိုမီအောင် လိုက်လံဖမ်းဆီးမည်။ သူတို့ထံမှသိမ်းဆည်းရမိသောဥစ္စာပစ္စည်း ကို ခွဲဝေ၍ငါလိုချင်သမျှယူမည်။ ငါ၏ဓားကိုဆွဲထုတ်၍သူတို့ကို သုတ်သင်ပစ်မည်' ဟုဆို၏။
15:10 သို့သော်လည်းကိုယ်တော်သည်လေကို မှုတ်တော်မူလိုက်သဖြင့်၊ ပင်လယ်ရေသည်အီဂျစ်အမျိုးသားတို့ကို ဖုံးလွှမ်းလေ၏။ သူတို့သည်လှိုင်းတံပိုးကြားတွင်ခဲကဲ့သို့ နစ်မြုပ်ကုန်၏။
15:11 အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
15:12 ကိုယ်တော်သည်လက်ယာလက်ကိုဆန့်တော်မူ သဖြင့်၊ မြေကြီးသည်အကျွန်ုပ်တို့၏ရန်သူတို့ ကိုမျိုပါ၏။
15:13 ကတိတော်ရှိသည်အတိုင်းကိုယ်တော်သည် မိမိရွေးနုတ်သောလူမျိုးကိုပို့ဆောင်တော် မူ၏။ ကိုယ်တော်၏တန်ခိုးတော်ဖြင့်သူတို့အား ပြည်တော်သို့လမ်းပြတော်မူ၏။
15:14 လူမျိုးအပေါင်းတို့သည်ထိုသတင်းကိုကြား၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ ဖိလိတ္တိအမျိုးသားတို့သည်ထိတ်လန့်ကြ၏။
15:15 ဧဒုံပြည်ခေါင်းဆောင်တို့လည်းတုန်လှုပ် ချောက်ချားကြ၏။ မောဘပြည်အကြီးအကဲတို့ကြောက်လန့် ကြ၏။ ခါနာန်ပြည်သားအပေါင်းတို့သည်စိတ်ပျက် အားလျော့ကြ၏။
15:16 ထိုသူအပေါင်းတို့သည်ကြောက်ရွံ့ထိတ်လန့် ကြ၏။ အို ထာဝရဘုရား၊ကိုယ်တော်၏လက်ရုံးတော်၊ တန်ခိုးတော်ကြောင့် ကျွန်ဘဝမှကိုယ်တော်လွတ်မြောက်စေတော် မူသော ကိုယ်တော်၏လူမျိုးတော်ဖြတ်သွားစဉ်သူတို့ သည် ကြောက်ရွံ့၍ကြက်သေသေလျက်နေကြပါ၏။
15:17 အို ထာဝရဘုရား၊ ကိုယ်တော်သည်သူတို့ကိုခေါ်ဆောင်၍ ကိုယ်တော်စံတော်မူရန်ရွေးချယ်သော၊တောင် ပေါ်တွင် နေရာချတော်မူလိမ့်မည်။ ကိုယ်တော်တိုင်တည်ဆောက်သောဗိမာန်တော်တွင် နေစေတော်မူလိမ့်မည်။
15:18 ထာဝရဘုရားသည်ကာလအစဉ်အမြဲ စိုးစံတော်မူလိမ့်သတည်း။''
15:19 ဖာရောဘုရင်၏မြင်းတပ်နှင့်ရထားတပ်တို့ သည် ပင်လယ်ထဲသို့ဆင်းသက်ကြသောအခါ ထာဝရဘုရားသည်ရေကိုပြန်စီးစေသဖြင့် ရေသည်သူတို့ကိုဖုံးလွှမ်းလေ၏။ ဣသရေလ အမျိုးသားတို့မူကား ခြောက်သွေ့သောမြေ ပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်သွား ကြ၏။
15:20 အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
15:21 မိရိအံက၊ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။
15:22 ထိုနောက်မောရှေသည်ဣသရေလအမျိုးသား တို့ကို ပင်လယ်နီမှရှုရဟုခေါ်သောတော ကန္တာရသို့ခေါ်ဆောင်သွားလေ၏။ သူတို့သည် တောကန္တာရထဲတွင်သုံးရက်ခရီးသွားခဲ့ ရသော်လည်းလမ်းတွင်ရေကိုမတွေ့ရ။-
15:23 ထိုနောက်မာရဟုခေါ်သောအရပ်သို့ရောက် ရှိလာကြရာ ရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ရေခါးထွက်သဖြင့်ထို အရပ်ကိုမာရဟုခေါ်တွင်လေ၏။-
15:24 သူတို့သည်မောရှေအား``အကျွန်ုပ်တို့ရေငတ် ၍ သေရပါတော့မည်'' ဟုညည်းညူကြ၏။-
15:25 မောရှေသည်ထာဝရဘုရားထံစိတ်အား ထက်သန်စွာဆုတောင်းသဖြင့် ထာဝရဘုရား သည်သူ့အားသစ်တုံးတစ်တုံးကိုညွှန်ပြ တော်မူ၏။ သူသည်သစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သောအခါရေခါးသည်ရေချို ဖြစ်လာ၏။ ထာဝရဘုရားသည်ထိုအရပ်တွင် သူတို့ အားကျင့်သုံးရန်ပညတ်များကိုပြဋ္ဌာန်း ၍ ထိုအရပ်၌ပင်သူတို့နားထောင်ခြင်းရှိ၊ မရှိကိုစစ်ဆေးတော်မူ၏။-
15:26 ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
15:27 ထိုနောက်သူတို့သည် စမ်းရေတွင်းတစ်ဆယ့် နှစ်တွင်းနှင့်စွန်ပလွံပင်ခုနစ်ဆယ်ရှိရာ ဧလိမ်အရပ်သို့ရောက်ရှိလာကြ၍ရေ ရှိရာအနီးတွင်စခန်းချကြ၏။