Proverbs 16
16:1 စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။
16:2 လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘော တို့ကို ချိန်တော်မူ၏။
16:3 ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။
16:4 ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
16:5 မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။
16:6 ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
16:7 လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
16:8 ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။
16:9 လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။
16:10 ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။
16:11 မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
16:12 ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။
16:13 ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။
16:14 ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။
16:15 ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။
16:16 ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
16:17 ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။
16:18 မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
16:19 စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။
16:20 ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။
16:21 လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ်၏။
16:22 ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
16:23 ပညာရှိသော သူ၏နှလုံးသည် သူ၏နှုတ်ကို သွန် သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်း တတ်၏။
16:24 သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ၏။
16:25 လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ၏။
16:26 အလုပ်လုပ်သောသူသည်၊ မိမိပစပ်တောင်း သောကြောင့်၊ မိမိအဘို့ လုပ်တတ်၏။
16:27 အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
16:28 သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏။
16:29 ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။
16:30 ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
16:31 ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။
16:32 စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
16:33 စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။