Proverbs 23
23:1 မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။
23:2 သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။
23:3 ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။
23:4 ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
23:5 ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
23:6 မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။
23:7 သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။
23:8 သင်သည် စားသောအစာကို တဖန်အန်ရ လိမ့်မည်။ သင်ချိုသော စကားလည်းယိုယွင်းလိမ့်မည်။
23:9 မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။
23:10 အရိပ်စိုက်သော မြေမှတ်တိုင်ကိုမရွှေ့နှင့်။ မိဘမရှိသော သူတို့၏ လယ်ကိုမသိမ်းနှင့်။
23:11 အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။
23:12 ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာ အတတ် စကားကို နာခံလော့။
23:13 သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။
23:14 ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။
23:15 ငါ့သား၊ သင့်နှလုံး၌ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။
23:16 သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။
23:17 အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့်။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
23:18 အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ။
23:19 ငါ့သား၊ ငါ့စကားကို နားထောင်၍ ပညာရှိသ ဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။
23:20 စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။
23:21 သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။
23:22 သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။
23:23 သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
23:24 ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
23:25 သင်၏မိဘတို့သည်ဝမ်းမြောက်၍၊ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည်။
23:26 ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
23:27 ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။
23:28 သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။
23:29 အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊
23:30 စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။
23:31 ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။
23:32 နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။
23:33 သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သော စကားကို မြွက်ဆိုလိမ့်မည်။
23:34 အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည်။
23:35 သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။