Proverbs 27
27:1 နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
27:2 ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်း ပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်းပါလေစေ။
27:3 ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။
27:4 မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
27:5 ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။
27:6 အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။
27:7 စား၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။
27:8 မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိ အသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။
27:9 နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏။
27:10 ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။
27:11 ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။
27:12 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
27:13 မကျွမ်းသော သူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သော သူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ။
27:14 နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။
27:15 ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ၏။
27:16 ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။
27:17 သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။
27:18 သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
27:19 ရေ၌လူမျက်နှာချင်းတူသကဲ့သို့၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ၏။
27:20 မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။
27:21 ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။
27:22 မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း၊ မိုက်သောသဘောမထွက်တတ်။
27:23 သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။
27:24 စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။
27:25 မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှား တတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။
27:26 သိုးသငယ်တို့သည် သင်ဝတ်စရာဘို့၊ ဆိတ်တို့သည် လည်း မြေအဘိုးကိုဖြေစရာဘို့ ပြစ်၏။
27:27 သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည်။