Ecclesiastes 10
10:1 အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။
10:2 ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။
10:3 မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။
10:4 မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
10:5 မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊
10:6 မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့ သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊
10:7 ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ။
10:8 တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။
10:9 ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည်။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည်။
10:10 ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။
10:11 မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။
10:12 ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။
10:13 သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။
10:14 မိုက်သောသူသည် စကားများတတ်၏။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
10:15 မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။
10:16 ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။
10:17 မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။
10:18 အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။
10:19 ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။
10:20 ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့်။ လူကြီး ကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည်။