Isaiah 26
26:1 ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က ``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကို ဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
26:2 မြို့တံခါးတို့ကိုဖွင့်လိုက်ပြီးလျှင်ဖြောင့်မှန် ရာကို ပြုကျင့်သည့်လူမျိုး၊ သစ္စာရှိသည့်လူမျိုးအားဝင်ခွင့်ပြုကြလော့။
26:3 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
26:4 ထာဝရဘုရားကိုအမြဲတစေယုံကြည် ကိုးစားကြလော့။ ကိုယ်တော်သည်ငါတို့အားအစဉ်ကွယ်ကာ စောင့်ထိန်းတော်မူလိမ့်မည်။
26:5 ကိုယ်တော်သည်မာန်မာနကြီးသူတို့ကို ရှုတ်ချတော်မူပြီးလျှင်၊ သူတို့နေထိုင်ရာခိုင်ခန့်သည့်မြို့ကို ဖျက်ဆီးတော်မူ၍၊ မြို့ရိုးများကိုဖုတ်ထဲသို့ပြိုကျစေတော်မူလေပြီ။
26:6 ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရကြသူ တို့သည်လည်း ယခုအခါ၊ထိုမြို့ကိုခြေနှင့်နင်း၍ ကျော်လွှားသွားလာလျက်ရှိကြ၏။
26:7 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် သူတော်ကောင်းတို့လမ်းကိုဖြောင့်စေတော်မူပါ၏။ သူတို့သွားရသောခရီးလမ်းသည်လည်းညီညာ ပါ၏။
26:8 ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းလိုက်၍၊ ကိုယ်တော်ရှင်အားမျှော်ကိုးလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်ကိုသာလျှင် တောင့်တကြပါ၏။
26:9 ညဥ့်အခါ၌ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား စိတ်နှလုံးအကြွင်းမဲ့တသပါ၏။ ကမ္ဘာမြေကြီးနှင့်ကမ္ဘာသူကမ္ဘာသားတို့အား ကိုယ်တော်ရှင်တရားစီရင်တော်မူသောအခါ၊ တရားမျှတမှုဆိုသည်မှာအဘယ်အရာ ဖြစ်သည်ကို သူတို့သိရှိကြပါလိမ့်မည်။
26:10 ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
26:11 ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။-
26:12 အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကောင်းစားခွင့် ပေးတော်မူပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏အောင်မြင်မှုမှန်သမျှ သည် ကိုယ်တော်ရှင်စီရင်တော်မူသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
26:13 ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည် သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။ သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။
26:14 ထိုသူတို့သည်ယခုအခါကွယ်လွန်သွား ကြပါပြီ။ တစ်ဖန်ပြန်၍အသက်ရှင်ကြတော့မည်မဟုတ်ပါ။ ကိုယ်တော်ရှင်သည်သူတို့အားအပြစ်ဒဏ်ခတ်၍၊ သုတ်သင်ပယ်ရှင်းတော်မူလိုက်ပြီဖြစ်သဖြင့်၊ သူတို့၏ဝိညာဉ်များသည်လည်းသင်္ချိုင်းထဲမှ ထကြလိမ့်မည်မဟုတ်ပါ။ သူတို့အားအဘယ်သူမျှလည်း သတိမရကြတော့ပါ။
26:15 အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့၏နိုင်ငံကိုကြီးပွားတိုးတက် စေတော်မူပါပြီ။ ကြီးပွားတိုးတက်စေတော်မူပါပြီ။ ယင်း၏နယ်ပယ်တို့လည်းလေးဘက်လေးတန် ပိုမိုကျယ်ဝန်းစေတော်မူပါပြီ။ ဤသို့ပြုတော်မူသဖြင့်ကိုယ်တော်ရှင်တွင် ဂုဏ်အသရေရှိပါ၏။
26:16 အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။
26:17 အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားဖွားသည့် အမျိုးသမီးကဲ့သို့၊ နာကျင်ခြင်းဝေဒနာနှင့်အော်ဟစ်စေတော် မူပါပြီ။
26:18 ကျွန်တော်မျိုးတို့သည်နာကျင်ခြင်း ဝေဒနာခံရကြပါ၏။ သို့ရာတွင်အဘယ်အမှုကိုမျှ မဖြစ်ပွားစေပါ။ ကျွန်တော်မျိုးတို့သည်မိမိတို့နိုင်ငံအတွက် အဘယ်အောင်ပွဲကိုမျှမရကြပါ။ အဘယ်အမှုကိုမျှအထမြောက်အောင် ဆောင်နိုင်ခဲ့သည်မရှိပါ။
26:19 ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။-
26:20 ငါ၏အမျိုးသားတို့၊ သင်တို့သည်မိမိတို့အိမ် တွင်းသို့ဝင်၍တံခါးများကိုပိတ်ထားကြ လော့။ ဘုရားသခင်၏အမျက်တော်ပြေသည် တိုင်အောင်ကာလအနည်းငယ်ပုန်းအောင်းနေ ကြလော့။-
26:21 ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။