Jeremiah 2
2:1 ထာဝရဘုရားသည်ငါ့အား၊-
2:2 ``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
2:3 အို ဣသရေလအမျိုးတို့၊သင်တို့ကို ငါတစ်ဦးတည်းသာလျှင်ပိုင်တော်မူ၏။ သင်တို့သည်ငါပိုင်သောအမြတ်ထားရာ ဖြစ်၏။ ငါသည်သင်တို့ကိုထိခိုက်နာကျင်စေသူ အပေါင်းအား ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခရောက်စေခဲ့၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း။''
2:4 အချင်းယာကုပ်၏သားမြေး၊ ဣသရေလ အနွယ်ဝင်တို့၊ ထာဝရဘုရား၏ဗျာဒိတ် တော်ကိုနားထောင်ကြလော့။
2:5 ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
2:6 ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
2:7 ငါသည်သူတို့အားမြေသြဇာကောင်းမွန်သော ပြည်သို့အသီးအနှံနှင့် အခြားမွန်မြတ်သည့်အစားအစာများကို စားသောက်စေရန်ခေါ်ဆောင်ခဲ့၏။ သို့ရာတွင်သူတို့သည်ငါ့ပြည်ကိုဖျက်ဆီးပစ်ကြ၏။ သူတို့အားငါပေးသည့်ပြည်ကိုညစ်ညမ်းစေကြ၏။
2:8 ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
2:9 ``သို့ဖြစ်၍ငါသည်သင်တို့အား တစ်ဖန်တရားစွပ်စွဲမည်။ သူတို့၏သားမြေးများအားလည်း စွပ်စွဲချက်တင်မည်'' ဟုထာဝရဘုရားမိန့်တော် မူ၏။
2:10 ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။
2:11 မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူ အဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။ သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့် ဘုရားသခင်တည်းဟူသော၊ ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
2:12 သို့ဖြစ်၍ငါထာဝရဘုရားသည်မိုးကောင်းကင်အား ထိတ်လန့်တုန်လှုပ်အံ့သြတွေဝေ၍သွားစေရန် အမိန့်ပေးတော်မူပြီ။
2:13 ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
2:14 ``ဣသရေလသည်ကျွန်မဟုတ်။ ကျွန်သားပေါက်လည်းမဟုတ်။ သို့ပါလျက်၊ရန်သူများသည်အဘယ် ကြောင့် သူ့အားလိုက်လံဖမ်းဆီးကြသနည်း။
2:15 ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။ သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
2:16 နောဖမြို့သားများနှင့်တာပနက်မြို့သားများ သည် သင်၏ဦးခေါင်းခွံကိုခွဲကြလေပြီ။
2:17 အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
2:18 ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။
2:19 သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
2:20 အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
2:21 ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
2:22 အကယ်၍သင်တို့သည်ဆပ်ပြာနှင့်အစွန်းချွတ် ဆေး အမြောက်အမြားကိုအသုံးပြုမည်ဆိုသော်လည်း၊ သင်တို့၏အပြစ်သည်ငါ၏ရှေ့၌ ထင်ရှားလျက်ပင်ရှိမည်။
2:23 သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။
2:24 သင်သည်တောကန္တာရတွင်နေသည့် မြည်းရိုင်းမနှင့်တူ၏။ မိတ်လိုက်ချိန်ကျသောအခါ၊ သူ့အား အဘယ်သူတားဆီးနိုင်သနည်း။ သူ့ကိုအလိုရှိသူမြည်းထီးမှန်သမျှသည် အပင်ပန်းခံ၍ရှာနေရန်မလို။ မိတ်လိုက်ချိန်၌သူ့အားအစဉ်တွေ့ရှိနိုင်လေသည်။
2:25 အို ဣသရေလ၊အခြားဘုရားများသို့ လိုက်ပြေးခြင်းအားဖြင့် သင်၏ခြေ၌ဖိနပ်မကျွတ်စေနှင့်။ သင်၏အာခေါင်ကိုသော်လည်းမခြောက်စေနှင့်။ သို့ရာတွင်သင်က`အကျွန်ုပ်သည်လူမျိုးခြား ဘုရားများကိုချစ်၍၊ သူတို့၏နောက်သို့ပင်လိုက်ပါတော့မည်' ဟုဆို၏။
2:26 အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
2:27 သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
2:28 ``မိမိတို့အတွက်သင်တို့ပြုလုပ်ထားသည့် ဘုရားများကားအဘယ်မှာနည်း။ သင်တို့ဒုက္ခ ရောက်ချိန်ထိုဘုရားများကယ်နိုင်လျှင်ကယ် စေကြလော့။ အို ယုဒပြည်၊ သင်၏မြို့တို့သည် များပြားသကဲ့သို့ သင်ပြုလုပ်သောဘုရား တို့သည်လည်းများပြားလှပါသည်တကား။-
2:29 သင်တို့အားလုံးပင်ငါ့ကိုပုန်ကန်ကြလေပြီ။ သင်တို့သည်ငါ့ကို အဘယ်သို့မကျေမနပ် ဖြစ်ကြသနည်း'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
2:30 ``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
2:31 ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
2:32 မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
2:33 သင်တို့သည်မိမိတို့ချစ်သူများကိုအမှန် ပင်လိုက်၍ရှာတတ်ကြ၏။ ဆိုးညစ်သည့်အမျိုး သမီးများကိုပင်သင်တို့၏အကျင့်ကိုသင် ပေးနိုင်ကြ၏။-
2:34 ဖောက်ထွင်းခိုးယူမှုအတွက်သင်တို့ဖမ်းမမိ သော်လည်း ထိုဆင်းရဲသားများ၊ အပြစ်မဲ့သူ များ၏သွေးနှင့် သင်တို့၏အဝတ်များသည် စွန်းကွက်လျက်ရှိ၏။ ``သို့ပါလျက်
2:35 `ငါ့တွင်အပြစ်မရှိ၊ ထာဝရဘုရားသည်အမှန် ပင် ငါ့အားအမျက်ထွက်တော်မမူတော့ပြီဟု' ဆို ချင်သည်။ သို့သော်သင်ကမိမိအပြစ်မကူး လွန်ပါဟုငြင်းဆိုသဖြင့် ငါသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူမည်။-
2:36 သင်တို့သည်အခြားနိုင်ငံဘုရားများဆည်း ကပ်သောအားဖြင့်၊ မိမိကိုယ်ကိုတန်ဖိုးကျ စေသည့်အာရှုရိပြည်သည်သင့်အားအကူ အညီပေးရန်ပျက်ကွက်သကဲ့သို့ အီဂျစ် ပြည်သည်လည်းပျက်ကွက်လိမ့်မည်။-
2:37 သင်သည်အရှက်ကွဲလျက်ခေါင်းငိုက်စိုက်နှင့် အီဂျစ်ပြည်မှပြန်လာရလိမ့်မည်။ ငါထာဝရ ဘုရားသည်သင်အားကိုးသူတို့ကိုပစ်ပယ် တော်မူပြီ။ သူတို့ထံမှသင်သည်အဘယ် အကျိုးကိုမျှရရှိလိမ့်မည်မဟုတ်။''