Jeremiah 4
4:1 ထာဝရဘုရားက``ဣသရေလပြည်သား တို့၊ အကယ်၍သင်တို့ပြန်လာလိုလျှင်ငါ့ ထံသို့ပြန်လာကြလော့။ ငါရွံမုန်းသည့် ရုပ်တုတို့ကိုဖယ်ရှားကာငါ့အားသစ္စာ စောင့်ကြလျှင်၊-
4:2 ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
4:3 ယုဒပြည်သားနှင့်ယေရုရှလင်မြို့မှလူတို့ အား ထာဝရဘုရားက``မထွန်မယက်ရသေး သည့်သင်တို့၏လယ်ယာများကိုထွန်ယက် ကြလော့။ သင်တို့၏မျိုးစေ့များကိုဆူးပင် များအကြားတွင်မကြဲကြနှင့်။-
4:4 သင်တို့၏ထာဝရဘုရားတည်းဟူသောငါ နှင့်သင်တို့ပြုသည့်ပဋိညာဉ်ကိုစောင့်ကြလော့။ အချင်းယုဒပြည်သားများနှင့်ယေရုရှလင် မြို့သားတို့၊ ငါ့အားသင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသို့မပြုပါမူသင်တို့ကူးလွန်ခဲ့ သည့်ဒုစရိုက်များကြောင့် ငါ၏အမျက်တော် သည်မီးကဲ့သို့တောက်လောင်လိမ့်မည်။ ယင်းကို ငြိမ်းသတ်မည့်သူလည်းတစ်စုံတစ်ယောက် မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
4:5 ယုဒပြည်တစ်လျှောက်လုံး၌တံပိုးခရာမှုတ် ကြလော့။ ရှင်းလင်းကျယ်လောင်စွာကြွေးကြော်ကြလော့။ ယုဒပြည်သားများနှင့်ယေရုရှလင်မြို့သား တို့အား ခံတပ်မြို့များသို့ပြေးဝင်ကြရန်ပြောကြားကြလော့။
4:6 ဇိအုန်မြို့ရှိရာသို့ရှေ့ရှုကြလော့။ ဘေးမဲ့လုံခြုံ ရာသို့ ပြေးကြလော့။ ဆုတ်ဆိုင်း၍မနေကြနှင့်။ ထာဝရဘုရားသည်ကြီးစွာသောပျက်စီး မှု ဘေးအန္တရာယ်ဆိုးကို မြောက်အရပ်မှဆောင်ယူလာတော်မူလိမ့် မည်။
4:7 ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။ လူမျိုးတကာကိုဖျက်ဆီးမည့်သူသည် ထွက်ခွာလာလေပြီ။ သူသည်ယုဒပြည်ကိုဖျက်ဆီးရန်ထွက်ခွာလာ လေပြီ။ ယုဒမြို့တို့သည်ယိုယွင်းပျက်စီးလျက် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။
4:8 သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။
4:9 ထာဝရဘုရားက``ထိုနေ့၌ရှင်ဘုရင်များ၊ မှူးမတ်များသည်စိတ်ပျက်အားလျော့ကြ လိမ့်မည်။ ယဇ်ပုရောဟိတ်များသည်တအံ့ တသြဖြစ်၍ ပရောဖက်တို့သည်အံ့အား သင့်လျက်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
4:10 ထိုအခါငါသည်``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ယေရုရှလင်မြို့သားတို့ အားလှည့်ဖြားတော်မူပါပြီ။ ငြိမ်းချမ်းမှု ရရှိလိမ့်မည်ဟုကိုယ်တော်ရှင်မိန့်တော်မူခဲ့ သော်လည်း ယခုအခါသူတို့၏လည်မျိုတွင် ဓားတေ့လျက်ရှိပါ၏'' ဟုလျှောက်၏။
4:11 သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။-
4:12 ထာဝရဘုရား၏အမိန့်တော်အရတိုက်ခတ် သည့်လေသည် ထိုထက်များစွာပိုမိုပြင်းထန် ပေလိမ့်မည်။ ကိုယ်တော်၏လူမျိုးတော်အပေါ် သို့ ယခုစီရင်ချက်ချမှတ်တော်မူသည့်အရှင် ကား ထာဝရဘုရားကိုယ်တော်တိုင်ပင်ဖြစ် သတည်း။
4:13 ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
4:14 အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
4:15 ဒန်ပြည်မှလာသောစေတမန်နှင့် ဧဖရိမ် တောင်ကုန်းများမှရှေ့တော်ပြေးတို့က သတင်းဆိုးကိုကြေညာကြ၏။-
4:16 သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
4:17 သူတို့သည်လယ်စောင့်ကင်းသမားများကဲ့သို့ ထိုမြို့တို့ကိုဝိုင်းရံထားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ယုဒပြည်သည် ထာဝရဘုရား အားပုန်ကန်သောကြောင့်ဖြစ်၏။ ဤကားထာဝရ ဘုရားမြွက်ဟတော်မူသောစကားပင်တည်း။
4:18 အို ယုဒပြည်၊ သင်သည်မိမိနေထိုင်ပြုကျင့်ပုံ များအားဖြင့် ဤအမှုအရာတို့ကိုဖြစ်ပွား စေလေပြီ။ သင်၏စိတ်နှလုံးကိုဓားနှင့်ထိုး လိုက်ဘိသကဲ့သို့ သင်သည်မိမိ၏အပြစ် ကြောင့်ဤဝေဒနာကိုခံရ၏။
4:19 ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။
4:20 ဘေးအန္တရာယ်ဆိုးသည်တစ်ခုပြီးတစ်ခု ပေါ်ပေါက်၍လာ၏။ တစ်ပြည်လုံးပင်ယိုယွင်းပျက်စီး၍ကျန် ခဲ့၏။ ငါတို့၏တဲများသည်တစ်ခဏချင်း၌ဖြို ပျက်လျက် ၎င်းတို့၏ကန့်လန့်ကာတို့သည်စုတ်ပြတ်၍ သွားကြ၏။
4:21 ငါသည်တိုက်ပွဲဆင်နွှဲနေသည်ကိုအဘယ်မျှ ကြာကြာ တွေ့မြင်နေရပါမည်နည်း။ တံပိုးခရာမှုတ်သံကိုအဘယ်မျှကြာကြာ ကြား၍ နေရပါမည်နည်း။
4:22 ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
4:23 ငါသည်၊ကမ္ဘာမြေကြီးကိုကြည့်လိုက်သော အခါ ယင်းသည်ပုံသဏ္ဌာန်ကင်းမဲ့လျက်နေ၏။ မိုးကောင်းကင်ကိုကြည့်သောအခါ၌လည်း အလင်းရောင်မတွေ့ရ။
4:24 ငါသည်တောင်များကိုကြည့်ပြန်သော် တောင်ကြီးတောင်ငယ်တို့သည်တုန်လှုပ်လျက် နေကြ၏။
4:25 ငါသည်လူတစ်ဦးတစ်ယောက်ကိုမျှမတွေ့ မမြင်။ ငှက်အပေါင်းတို့သည်ပင်လျှင်ပျံပြေးကြ လေကုန်ပြီ။
4:26 ထာဝရဘုရား၏ပြင်းထန်သောအမျက် တော် အရှိန်ကြောင့် မြေသြဇာကောင်းသောပြည်သည်သဲကန္တာရ ဖြစ်လျက်၊ မြို့များသည်လည်းယိုယွင်းပျက်စီး၍နေလေပြီ။
4:27 (ကမ္ဘာမြေကြီးတစ်ခုလုံးသည် တောကန္တာရ အဖြစ်သို့ရောက်ရှိရလိမ့်မည်ဖြစ်သော်လည်း အကုန်အစင်ပျက်ပြုန်းသွားရလိမ့်မည်မ ဟုတ်ကြောင်း ထာဝရဘုရားမိန့်ကြားထား တော်မူ၏။)
4:28 ကမ္ဘာမြေကြီးသည်ဝမ်းနည်းပူဆွေးလျက်နေ လိမ့်မည်။ မိုးကောင်းကင်သည်လည်းမှောင်မဲ၍လာလိမ့် မည်။ ထာဝရဘုရားသည်မိန့်မြွက်တော်မူပြီးနောက် မိမိ၏စိတ်ကိုပြောင်းလဲတော်မူလိမ့်မည်မဟုတ်။ စိတ်ပိုင်းဖြတ်တော်မူပြီးနောက်ကိုယ်တော်သည် နောက်ဆုတ်တော်မူလိမ့်မည်မဟုတ်။
4:29 မြင်းစီးသူရဲများနှင့်လေးသမားတို့၏ အသံကို ကြားသောအခါ လူအပေါင်းတို့သည်ထွက်ပြေးကြလိမ့်မည်။ အချို့သောသူတို့သည်သစ်တောထဲသို့လည်း ကောင်း၊ အချို့တို့သည်ကျောက်ဆောင်များပေါ် သို့လည်းကောင်း၊ထွက်ပြေးကြလိမ့်မည်။ မြို့အပေါင်းတို့သည်အထီးတည်းကျန် ရစ်လျက် လူသူဆိတ်ငြိမ်ရာဖြစ်၍နေလိမ့်မည်။
4:30 အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။ သင်သည်အဘယ်ကြောင့်နီးမြန်းသည့်အဝတ် ကို ဝတ်ဆင်ထားသနည်း။ အဘယ်ကြောင့်ကျောက်မျက်ရတနာများကို ဆင်ယင်၍ သင်၏မျက်လုံးများကိုခြယ်လှယ်ထားသနည်း။ သင်သည်မိမိကိုယ်ကိုအကြောင်းမဲ့အလှ ပြင်၍ ထားပါသည်တကား။ သင်၏ချစ်သူတို့သည်သင့်ကိုပစ်ပယ်လိုက်ကြ လေပြီ။ သူတို့သည်သင့်ကိုသတ်လိုကြ၏။
4:31 သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''