Jeremiah 9
9:1 ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
9:2 ငါသည်မိမိအမျိုးသားများအားစွန့်ခွာပြီး လျှင် သဲကန္တာရတွင်သွားရောက်နေထိုင်စရာ အခန်းတစ်ခုကိုလိုချင်စမ်းပါဘိ။ သူတို့အားလုံးပင်လျှင်သစ္စာမဲ့၍အခြား ဖောက်ပြားသူများဖြစ်ကြ၏။
9:3 သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။
9:4 လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။ အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။ အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍ လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။
9:5 သူတို့သည်မိတ်ဆွေများကိုလိမ်လည်လှည့်စား ကြ၏။ အဘယ်သစ္စာစကားကိုမျှမပြောမဆိုကြ။ သူတို့သည်မုသားစကားပြောဆိုတတ်ရန် မိမိတို့နှုတ်ကိုသွန်သင်ထားကြ၏။ အပြစ်ကိုပြု၍မိမိတို့ကိုယ်ကိုမောပန်း စေကြပြီ။
9:6 သူတို့သည်အပြစ်ဒုစရိုက်ကိုမစွန့်ပစ်ကြ။ သူတို့သည်လိမ်လည်လှည့်စားကြ၏။ ထာဝရဘုရားကမိမိ၏လူမျိုးတော်သည် ကိုယ်တော်အားပစ်ပယ်ကြောင်းမိန့်တော်မူ၏။
9:7 ဤအကြောင်းကြောင့်အနန္တတန်ခိုးရှင် ထာဝရဘုရားက ``ငါသည်သတ္တုကိုအရည်ကျို၍ချွတ်သကဲ့သို့၊ ငါ့လူမျိုးတော်ကိုသန့်စင်အောင်ပြုမည်။ သူတို့အားငါဆန်းစစ်၍ကြည့်မည်။ ငါ၏လူမျိုးတော်သည်အပြစ်ဒုစရိုက်ကို ကူးလွန်ကြလေပြီ။ ငါသည်သူတို့အားအဘယ်သို့ပြုရမည်နည်း။
9:8 သူတို့၏လျှာသည်အဆိပ်လူးမြားနှင့်တူ၏။ သူတို့သည်လိမ်လည်လှည့်စားသည့်စကားကို အမြဲပြောဆိုကြ၏။ လူတိုင်းပင်မိမိအိမ်နီးချင်းအားနှုတ်ချိုစွာ ပြောဆိုတတ်သော်လည်း စင်စစ်အားဖြင့်၊သူ့အတွက်ထောင်ချောက်ကို ထောင်ဖမ်းလျက်နေသည်။
9:9 ဤသို့သောအမှုတို့ကိုပြုသည့်အတွက်ငါသည် သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေရမည်လော။ ဤသို့သောလူမျိုးကိုငါသည်လက်စားမချေဘဲ နေရမည်လော။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
9:10 ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
9:11 ထာဝရဘုရားက``ငါသည်ယေရုရှလင် မြို့ကို တောခွေးများခိုအောင်းရာ၊ အဆောက်အအုံပျက်များစုဝေးရာအရပ် ဖြစ်စေမည်။ ယုဒမြို့တို့သည်လည်းလူသူဆိတ်ညံရာ သဲကန္တာရ ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
9:12 ငါက``အို ထာဝရဘုရား၊ အဘယ်ကြောင့် ဤပြည်သည်ဖြတ်သန်းသွားလာ၍မရ၊ ယို ယွင်းပျက်စီးလျက်သဲကန္တာရသဖွယ်ဖြစ် ၍နေပါသနည်း။ ဤအမှုအရာအကြောင်း ကိုသိရှိနိုင်စွမ်းရှိသည့်ပညာရှိကားအဘယ် သူဖြစ်ပါသနည်း။ သူတစ်ပါးတို့အားထပ် ဆင့်ပြောပြနိုင်ရန်အဘယ်သူအား ဤအမှု အရာအကြောင်းကိုကိုယ်တော်ရှင်ဖော်ပြ ထားပါသနည်း'' ဟုလျှောက်၏။
9:13 ထာဝရဘုရားက``ဤအမှုအရာဖြစ်ပျက် လာသည်မှာ ငါ၏လူမျိုးတော်သည်မိမိတို့ အားငါပေးအပ်ခဲ့သည့်သြဝါဒကိုစွန့်ပယ် ခဲ့ကြသောကြောင့်ဖြစ်၏။ သူတို့သည်ငါ၏ စကားကိုနားမထောင်။ ငါပြောဆိုသည့် အတိုင်းလည်းမပြုမလုပ်ကြ။-
9:14 သူတို့သည်ခေါင်းမာလျက်မိမိဘိုးဘေး များသွန်သင်ထားခဲ့သည့်အတိုင်း ဗာလ ဘုရားကိုဝတ်ပြုရှိခိုးကြ၏။-
9:15 သို့ဖြစ်၍သူတို့အားဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အဘယ်သို့ပြုတော် မူမည်ကိုနားထောင်လော့။ ငါသည်မိမိ၏ လူမျိုးတော်အားခါးသောဒေါနပင်ကို ကျွေး၍ အဆိပ်ပါသောရေကိုသောက်စေမည်။-
9:16 ငါသည်သူတို့နှင့်သူတို့ဘိုးဘေးများပင် မကြားဘူးသည့်လူမျိုးများအထဲတွင် သူ တို့အားပျံ့လွင့်သွားစေမည်။ ထိုနောက်သူတို့ အားလုံးဝပျက်စီးသည့်တိုင်အောင် တိုက်ခိုက် ရန်စစ်တပ်များကိုငါစေလွှတ်မည်'' ဟုမိန့် တော်မူ၏။
9:17 အနန္တတန်ခိုးရှင်ထာဝရဘုရားက ``စဉ်းစားဆင်ခြင်ကြလော့။ ငိုချင်းသည်များ၊မသာသီချင်းကိုကျွမ်း ကျင်စွာ သီဆိုတတ်သူ အမျိုးသမီးများအားခေါ်ယူကြလော့'' ဟုမိန့်တော်မူ၏။
9:18 လူတို့ကလည်း``ငါတို့မျက်စိများသည် မျက်ရည်နှင့်ပြည့်လျက် ငါတို့မျက်ခွံများသည်ငိုရလွန်းသဖြင့်မျက် ရည်နှင့် စိုစွတ်လျက်နေသည်တိုင်အောင် မသာသီချင်းကိုသီဆိုပေးနိုင်ရန်ငိုချင်းသည် တို့အား အမြန်ခေါ်ယူကြလော့'' ဟုဆိုကြ၏။
9:19 ``ငါတို့သည်ဆုံးပါးပျက်စီးလျက်၊လုံးဝ အသရေပျက် ရကြလေပြီတကား။ ငါတို့၏အိမ်ရာများသည်ပြိုပျက်သွားပြီဖြစ်၍ ငါတို့သည်မိမိတို့ပြည်ကိုစွန့်ခွာရကြပေတော့မည်'' ဟူ၍ဇိအုန်မြို့သားတို့ငိုကြွေးမြည်တမ်းသံကို နားထောင်ကြလော့ဟုဆိုကြ၏။
9:20 ငါက၊ ``အမျိုးသမီးတို့၊ထာဝရဘုရားမိန့်တော်မူ သည်ကို နားထောင်ကြလော့။ ကိုယ်တော်ရှင်၏စကားတော်တို့ကို အာရုံစိုက်၍နာယူကြလော့။ သင်တို့၏သမီးများအားငိုကြွေးတတ်ရန် လည်းကောင်း၊ သင်တို့၏မိတ်ဆွေများအားမသာသီချင်းကို သီဆိုတတ်ရန်လည်းကောင်းသင်ကြားပေး ကြလော့။
9:21 သေမင်းသည်ငါတို့၏ပြူတင်းပေါက်အားဖြင့် ငါတို့ဘုံဗိမာန်များသို့ဝင်ရောက်လာလေပြီ။ သူသည်လမ်းများပေါ်ရှိကလေးသူငယ် တို့နှင့်၊ ဈေးရပ်ကွက်များရှိလူငယ်လူရွယ်တို့ကို သတ်ဖြတ်လေပြီ။
9:22 လူသေကောင်တို့သည်လယ်ပြင်ရှိနောက်ချေး ပုံများ ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းသူစွန့်ပစ်ထားခဲ့သည့်ကောက်လှိုင်း များ၊ အဘယ်သူမျှမစုမသိမ်းသည့်ကောက်လှိုင်း များ ကဲ့သို့လည်းကောင်းပြန့်ကျဲလျက်နေလိမ့်မည်။ ဤကားငါပြန်ကြားပြောဆိုရန်အတွက် ထာဝရဘုရားမိန့်မှာတော်မူသောစကား ဖြစ်၏'' ဟုဆို၏။
9:23 ထာဝရဘုရားက၊ ``ပညာရှိသည်မိမိဉာဏ်ပညာရှိမှု၊ ခွန်အားကြီးမားသူသည်မိမိခွန်အားကြီး မားမှု၊ ချမ်းသာကြွယ်ဝသူသည်မိမိချမ်းသာ ကြွယ်ဝမှု၌ မဝါမကြွားအပ်။
9:24 အကယ်၍ဝါကြွားလိုသူလူတစ်စုံတစ်ယောက် ရှိပါမူ ထိုသူသည်ငါ၏အကြောင်းကိုသိရှိနားလည်မှု ၌သာလျှင်ဝါကြွားရာ၏။ အဘယ်ကြောင့်ဆိုသော်ငါ၏မေတ္တာသည်ခိုင်မြဲ၍ ငါပြုသောအမှုသည်တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုရှိသောကြောင့်ဖြစ်၏။ ဤအမှုတို့ကိုငါနှစ်သက်မြတ်နိုး၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။-
9:25 ထာဝရဘုရားက``အီဂျစ်ပြည်သားများ၊ ယုဒ ပြည်သားများ၊ ဧဒုံပြည်သားများ၊ အမ္မုန်ပြည် သားများ၊ မောဘပြည်သားများနှင့်သဲကန္တာရ တွင်နေထိုင်ကာ ဆံပင်တိုထားသောလူမျိုး အားငါအပြစ်ဒဏ်ခတ်မည့်နေ့ရက်ကာလ ကျရောက်လာတော့မည်။ ထိုသူအပေါင်းတို့ သည်ပဋိညာဉ်သေတ္တာတော်၏သင်္ကေတဖြစ် သည့်အရေဖျားလှီးမင်္ဂလာကိုခံသော်လည်း ငါ၏ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ထို သူအပေါင်းနှင့်ဣသရေလပြည်သားတို့ သည်ငါ၏ပဋိညာဉ်ကိုမစောင့်ထိန်းကြ'' ဟုမိန့်တော်မူ၏။