Ezekiel 1
1:1 သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများ နှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီး တွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင် ရ၏။-
1:2 (ထိုနှစ်ကားယေခေါနိမင်းပြည်နှင်ဒဏ် သင့်ချိန်ငါးနှစ်မြောက်ဖြစ်သတည်း။-)
1:3 ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏ သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလ သည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက် ရောက်၏။
1:4 ငါသည်မော်၍ကြည့်လိုက်သောအခါမြောက် အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကို မြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်း လျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည် ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက် နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေး ဝါနှင့်တူသောအရာတစ်ခုသည်အရောင် လက်၍နေ၏။-
1:5 မီးတောက်၏အလယ်ဗဟိုတွင် သတ္တဝါလေး ဦးနှင့်တူသောပုံသဏ္ဌာန်များကိုငါမြင် ရ၏။ သူတို့သည်လူ၏အသွင်ကိုဆောင်၏။-
1:6 သို့ရာတွင်သူတို့၌မျက်နှာလေးခုနှင့် တောင်ပံလေးခုစီရှိ၏။-
1:7 သူတို့၏ခြေတို့သည်ဖြောင့်တန်းလျက်နေ သော်လည်း ယင်းတို့တွင်နွားခွာနှင့်တူသော ခွာများရှိ၏။ ထိုသတ္တဝါတို့သည်တိုက်ချွတ် ထားသောကြေးဝါကဲ့သို့တောက်ပြောင် လျက်နေ၏။-
1:8 သူတို့တွင်မျက်နှာလေးခုနှင့်တောင်ပံလေး ခုအပြင် တောင်ပံတစ်ခုစီ၏အောက်၌လူ လက်ရှိ၏။-
1:9 ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိ အောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူ ရူသို့အသီးသီးမျက်နှာမူလျက်နေကြ ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့် ဘဲအစုလိုက်သွားလာကြ၏။
1:10 ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာ လေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင် ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက် နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။-
1:11 ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါး အတောင်ဖျားချင်းထိအောင် တောင်ပံနှစ်ခု စီဖြန့်၍ထားပြီးလျှင် အခြားတောင်ပံ နှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။-
1:12 သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့ မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူ တို့သည်အစုလိုက်မိမိတို့လိုရာအရပ် သို့မလှည့်ဘဲသွားနိုင်ကြ၏။
1:13 ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေ သောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှ မီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များ ထွက်ပေါ်လာ၏။-
1:14 သတ္တဝါများကိုယ်တိုင်ပင်လျှင်လျှပ်စစ် သဖွယ် လျင်မြန်စွာသွားလာကြ၏။
1:15 ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါ လေးပါးကိုကြည့်၍နေစဉ် သူတို့အသီး သီး၏အနီးတွင်မြေနှင့်ထိ၍နေသော ရထားဘီးတစ်ခုစီရှိ၍နေသည်ကို မြင်ရ၏။-
1:16 ထိုဘီးအားလုံးသည်ကျောက်မျက်ရတနာ ကဲ့သို့ တောက်ပလျက်တစ်ခုနှင့်တစ်ခုတူ ကြ၏။ ဘီးတိုင်းတွင်အလယ်မှထောင့်မှန် ကန့်လန့်ဖြတ်၍နေသောဘီးတစ်ခုရှိ၏။-
1:17 သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ် လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာ သည့်အတိုင်းသွားနိုင်ကြ၏။-
1:18 ဘီးခွေတို့သည်မျက်စိများဖြင့်ပြည့်နှက် လျက်ရှိ၍ မြင့်မားလျက်စိုးရိမ်ထိတ်လန့် ဖွယ်ကောင်း၏။-
1:19 သတ္တဝါများလှုပ်ရှားသွားလာသည့်အခါ တိုင်း ထိုဘီးတို့သည်လိုက်၍ရွေ့လျားကြ၏။ သတ္တဝါများမြေကြီးမှခွာ၍အထက်သို့ တက်ကြသောအခါ၌လည်း ဘီးတို့သည် လိုက်၍တက်ကြ၏။-
1:21 ဝိညာဉ်သည်မိမိတို့လိုရာအရပ်သို့သွား ကြသောအခါ ဘီးတို့သည်လည်းသတ္တဝါ များပြုသည့်အတိုင်းအထက်သို့တက်ကြ ၏။ အဘယ်ကြောင့်ဆိုသော်သတ္တဝါများ၏ ဝိညာဉ်သည်ဘီးတို့အားထိန်းချုပ်ထား သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍သတ္တဝါ များလှုပ်ရှားသွားလာသောအခါ ရပ်ဆိုင်း သည့်အခါလေထဲသို့တက်ကြသည့်အခါ ၌ ဘီးတို့သည်ထပ်တူထပ်မျှလိုက်၍ပြု ကြ၏။ အဘယ်ကြောင့်ဆိုသော်ယင်းတို့ အားသတ္တဝါတို့၏ဝိညာဉ်တို့က ထိန်း ချုပ်ထားသောကြောင့်ဖြစ်၏။
1:22 သတ္တဝါများ၏ဦးခေါင်းအထက်တွင် အရောင်လက်၍နေသောကျောက်သလင်း သဖွယ်ရှိ၍ ထိတ်လန့်ဖွယ်ကောင်းသောလိပ် ခုံးပုံသဏ္ဌာန်ကြီးတစ်ခုရှိ၏။-
1:23 ထိုအရာ၏အောက်တွင်သတ္တဝါတစ်ပါးစီ တို့သည် မိမိတို့နှင့်နီးရာသတ္တဝါများ ဘက်သို့တောင်ပံနှစ်ခုကိုဖြန့်ပြီးလျှင် အခြား တောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထား ကြ၏။-
1:24 သူတို့ပျံသန်းကြသောအခါအတောင်ခတ် သည့်အသံကိုငါကြားရ၏။ ထိုအသံသည် ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံ ကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏ အတောင်များကိုချထားကြ၏။-
1:25 ထိုသို့အတောင်များကိုချလျက်ရပ်နေစဉ် သူတို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုး အပေါ်မှ အသံတစ်ခုထွက်ပေါ်လာ၏။
1:26 ထိုလိပ်ခုံးမိုးအပေါ်၌နီလာဖြင့်ပြီးသည့် ရာဇပလ္လင်နှင့်တူသောအရာတစ်ခုရှိ၏။ ထိုရာဇပလ္လင်ပေါ်တွင်လူပုံသဏ္ဌာန်ရှိသူ တစ်ဦးထိုင်နေ၏။-
1:27 ထိုသူ၏ခါးအထက်ပိုင်းသည်မီးလျှံထဲမှ ကြေးဝါကဲ့သို့တောက်ပြောင်၍နေ၏။ ခါးမှ ခြေဖျားထိသူ၏အောက်ပိုင်းသည် မီးရောင် ဖြင့်ပင်လျှင်တစ်ကိုယ်လုံးထွန်းလင်းတောက်ပ လျက်ရှိပေသည်။-
1:28 ယင်းသို့ထွန်းလင်းတောက်ပသောအရောင် အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သော သက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပ သည့်အလင်းရောင်ဖြစ်သတည်း။