Ezekiel 19
19:1 ဣသရေလမင်းသားတို့အတွက်ငိုချင်း ကိုအောက်ပါအတိုင်းဖွဲ့ဆိုရန် ထာဝရ ဘုရားသည်ငါ့အားအမိန့်ပေးတော်မူ၏။
19:2 သင့်အမိသည်ခြင်္သေ့မပီသပါပေသည်။ သူသည်ငယ်ရွယ်သောခြင်္သေ့ဖိုတို့ကြားတွင် သားငယ်များကိုကြီးပြင်းအောင်ကျွေးမွေး စောင့်ရှောက်၏။
19:3 သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။
19:4 လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါ တွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။
19:5 ခြင်္သေ့မသည်မိမိ၏မျှော်လင့်ချက်များမရှိ တော့ဘဲ မျှော်မှန်းချက်များကုန်ဆုံးသည်ကို သိမြင်သောအခါ အခြားသားငယ်တစ်ကောင်ကိုကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ပြန်၏။ ထိုသားငယ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသောခြင်္သေ့ ဖြစ်လာလေသည်။
19:6 သူသည်အရွယ်ရောက်၍သန်စွမ်းသောအခါ၊ အခြားခြင်္သေ့များနှင့်အတူအစာရှာရန် လှည့်လည်လျက်၊ သားကောင်ဖမ်းသည့်အတတ်ကိုသင်ယူ ကာ လူသားစားခြင်္သေ့ဖြစ်လာ၏။
19:7 သူသည်ခံတပ်များကိုဖြိုချ၍မြို့တို့ကို ဖျက်ဆီးနေ၏။ သူဟောက်လိုက်သည့်အခါတိုင်း၊ ပြည်သူပြည်သားတို့သည်ကြောက်လန့်တုန်လှုပ် ကြ၏။
19:8 ထိုအခါအရပ်ရပ်သူ၏ပတ်ဝန်းကျင်မှ လူမျိုးတကာတို့သည်စုရုံးလာကြလျက်၊ သူ့အားမုဆိုးပိုက်ကွန်များဖြင့်တွင်းထဲသို့ ထောင်ဖမ်းကြ၏။
19:9 ထိုနောက်သူ့အားသံချိတ်များနှင့်ဆွဲပြီး လှောင်အိမ်တစ်ခုတွင်ထည့်၍ဗာဗုလုန်မင်းထံသို့ ယူဆောင်သွားကြ၏။ ဣသရေလတောင်များပေါ်တွင်သူ၏အသံ ကို နောက်အဘယ်အခါ၌မျှမကြားရစေရန် သူ့အား အစောင့်အကြပ်နှင့်ထောင်ချထား၏။
19:10 သင့်အမိသည်စမ်းချောင်းအနီးတွင်စိုက်ထား သည့် စပျစ်ပင်နှင့်တူ၏။ ရေအလုံအလောက်ရှိသဖြင့်ထိုအပင်သည် အသီးအရွက်များနှင့်ဝေဆာ၍နေ၏။
19:11 အကိုင်းများသည်သန်မာခိုင်ခံ့သဖြင့် ရာဇလှံတံ အဖြစ်အသုံးဝင်လာလေသည်။ စပျစ်ပင်သည်သစ်ပင်အရွက်အလက်များ အထက်ထိအောင်မြင့်မားလာ၏။ ထိုအပင်အဘယ်မျှမြင့်မား၍အရွက် အလက်များ ထူထပ်သည်ကိုထင်ရှားစွာမြင်ရကြ၏။
19:12 သို့ရာတွင်ထိုစပျစ်ပင်သည်အမျက်ထွက်သူတို့ လက်ဖြင့်အမြစ်မှဆွဲနုတ်ခြင်းကိုခံရကာ မြေပေါ်သို့လဲကျလေ၏။ အရှေ့လေကြောင့်စပျစ်သီးများပိန်ခြောက်ကုန်၏။ စပျစ်ကိုင်းတို့သည်လည်းကျိုးပဲ့ခြောက်သွေ့ကာ မီးရှို့ခြင်းကိုခံရကြ၏။
19:13 ယခုအခါထိုအပင်ကိုခြောက်သွေ့၍ ရေမရှိရာအရပ်ဖြစ်သောတောကန္တာရတွင် စိုက်ထားလေသည်။
19:14 ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့် အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။ အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။