Daniel 6
6:1 ဒါရိမင်းသည်မိမိ၏အင်ပါယာနိုင်ငံ တစ်ဝန်းလုံးအုပ်ချုပ်မှုအတွက် ဘုရင်ခံ တစ်ရာ့နှစ်ဆယ်ကိုခန့်ထားရန်ဆုံးဖြတ် တော်မူပြီးလျှင်၊-
6:2 ဒံယေလနှင့်အခြားသူနှစ်ယောက်တို့ အားဘုရင်ခံများကိုကွပ်ကဲကြီးကြပ် ရန်နှင့် ဘုရင့်အကျိုးတော်ကိုစောင့်ရှောက် ရန်အတွက်ရွေးချယ်ခန့်ထားတော်မူ၏။-
6:3 ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။-
6:4 ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။-
6:5 သူတို့က``ငါတို့သည်ဒံယေလအား သူ ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်သော ကိစ္စမှတစ်ပါး အခြားအဘယ်အမှုတွင် မျှပြစ်တင်စွပ်စွဲစရာတွေ့နိုင်မည်မဟုတ်'' ဟုအချင်းချင်းပြောဆိုကြ၏။
6:6 ထိုနောက်သူတို့သည်မင်းကြီးရှေ့တော်သို့ သွားရောက်၍``ဒါရိမင်းမြတ်သက်တော်ရာ ကျော်ရှည်တော်မူပါစေ။-
6:7 အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-
6:8 ထိုအမိန့်တော်ကိုအရှင်မင်းကြီးထုတ် ၍တံဆိပ်ခတ်နှိပ်၍လက်မှတ်ရေးထိုး တော်မူပါလျှင် ယင်းအမိန့်တော်သည်ပြင် ဆင်ပြောင်းလဲ၍မရနိုင်သောမေဒိနှင့် ပါရှလူမျိုးများ၏ဓမ္မသတ်ဖြစ်လာ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
6:9 သို့ဖြစ်၍ဒါရိမင်းသည်ထိုအမိန့်တော် ကို တံဆိပ်ခတ်လက်မှတ်ရေးထိုးတော်မူ၏။-
6:10 မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
6:11 သူ၏ရန်သူတို့သည်ဘုရားသခင်အား ဒံယေလဆုတောင်းပတ္ထနာပြုလျက်နေ သည်ကိုမြင်သောအခါ၊-
6:12 တစ်စုတစ်ရုံးတည်းဘုရင့်ရှေ့တော်သို့ဝင်၍ ဒံယေလအားပြစ်တင်စွပ်စွဲကြကုန်၏။ သူ တို့က``အရှင်မင်းကြီးကိုယ်တော်သည်နောက် ရက်ပေါင်းသုံးဆယ်တိုင်တိုင်အရှင်မင်းကြီး မှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်းဆုတောင်းသူ မည်သူမဆိုခြင်္သေ့လှောင်သောတွင်းထဲသို့ ပစ်ချခြင်းကိုခံစေဟူသောအမိန့်တော် ကိုလက်မှတ်ရေးထိုးတော်မူခဲ့သည် မဟုတ်ပါလော'' ဟုမေးလျှောက်ကြ၏။ မင်းကြီးက``ထိုအမိန့်သည်ပြောင်းလဲ၍ မရသောမေဒိနှင့်ပါရှလူမျိုးတို့၏ ဓမ္မသတ်အတိုင်းမှန်ပေ၏'' ဟုမိန့်တော် မူ၏။
6:13 ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။
6:14 ဤလျှောက်ထားချက်ကိုမင်းကြီးကြား တော်မူလျှင် အလွန်စိတ်မချမ်းမသာဖြစ် တော်မူလျက်ဒံယေလအားကယ်ဆယ်ရန် နည်းလမ်းကိုနေဝင်သည်တိုင်အောင်အစွမ်း ကုန်ကြိုးစား၍ရှာကြံတော်မူ၏။-
6:15 ထိုနောက်မှူးမတ်အရာရှိတို့သည်အထံတော် သို့ပြန်လည်ရောက်ရှိလာကြကာ``မေဒိ နှင့်ပါရှလူမျိုးတို့၏ဥပဒေများအရ ဘုရင့်အမိန့်တော်မည်သည်မှာပြန်လည် ပြင်ဆင်ပြောင်းလဲ၍မရနိုင်ကြောင်းအရှင် မင်းကြီးသိတော်မူပါ၏'' ဟုလျှောက် ထားကြ၏။
6:16 ထို့ကြောင့်မင်းကြီး၏အမိန့်အရဒံယေလ အားခြင်္သေ့လှောင်ရာတွင်းထဲသို့ပစ်ချလိုက် ကြ၏။ မင်းကြီးကဒံယေလအား``သင်သစ္စာ ရှိစွာကိုးကွယ်သောဘုရားသည်သင့်ကို ကယ်ဆယ်တော်မူပါစေသော'' ဟုမိန့်တော် မူ၏။-
6:17 ကျောက်ပြားဖြင့်တွင်းဝကိုပိတ်စေပြီး နောက်မင်းကြီးသည် အဘယ်သူမျှဒံယေလ အားမကယ်နိုင်စေရန် မိမိ၏တံဆိပ်တော် နှင့်မှူးမတ်တို့၏တံဆိပ်များကို ကျောက် ပြားပေါ်တွင်ခတ်နှိပ်၍ထားစေတော်မူ၏။-
6:18 မင်းကြီးသည်နန်းတော်သို့ပြန်တော်မူ၍ တစ်ညဥ့်လုံးစားတော်မခေါ်။ အဘယ်သို့ သောဖြေဖျော်မှုကိုမျှခံယူတော်မမူ။ စက်တော်ခေါ်၍မပျော်နိုင်။
6:19 မိုးသောက်ချိန်၌မင်းကြီးသည်ထ၍ ခြင်္သေ့တွင်းသို့အလျင်အမြန်ကြွ တော်မူ၏။-
6:20 ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။
6:21 ဒံယေလက``အရှင်မင်းကြီးသက်တော်ရာ ကျော်ရှည်တော်မူပါစေသော။-
6:22 ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။
6:23 မင်းကြီးသည်လွန်စွာဝမ်းမြောက်အားရ တော်မူသဖြင့် ဒံယေလအားခြင်္သေ့တွင်း မှဆွဲတင်ကြရန်အမိန့်ပေးတော်မူ၏။ သို့ ဖြစ်၍လူတို့သည်ဆွဲတင်ကြရာဒံယေလ သည် ဘုရားသခင်ကိုယုံကြည်ကိုးစားသူ ဖြစ်သဖြင့် မည်သို့မျှဘေးအန္တရာယ်မဖြစ် ဘဲရှိသည်ကိုတွေ့မြင်ကြ၏။-
6:24 ထိုနောက်မင်းကြီးသည်ဒံယေလအားပြစ် တင်စွပ်စွဲကြသူအပေါင်းတို့ကိုဖမ်းဆီး စေပြီးလျှင် သူတို့၏သားမယားများနှင့် တကွခြင်္သေ့တွင်းထဲသို့ပစ်ချရန်အမိန့် ပေးတော်မူ၏။ မြေသို့မရောက်ရှိမီပင်သူ တို့အားခြင်္သေ့တို့သည်ခုန်အုပ်ပြီးလျှင် အရိုးပါမကျန်ကိုက်စားလိုက်ကြလေ သည်။
6:25 ထိုနောက်ဒါရိမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးပြောဆိုသူလူမျိုးအသီး သီးနှင့် နိုင်ငံအသီးသီးရှိလူအပေါင်းတို့ ထံသို့သဝဏ်လွှာတစ်စောင်ရေးသားပေး ပို့တော်မူ၏။ ထိုသဝဏ်လွှာတွင်``သင်တို့သည်ချမ်းမြေ့ သာယာကြပါစေသော။-
6:26 ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။
6:27 ကိုယ်တော်သည်ကူမကယ်တင်တော်မူ၍ မိုးကောင်းကင်၌လည်းကောင်း၊ ကမ္ဘာပေါ်၌လည်းကောင်းအံ့သြဖွယ်ရာ များနှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကို ပြတော်မူ၏။ ကိုယ်တော်သည်ဒံယေလအားခြင်္သေ့ များ၏ဘေးမှ ကယ်တင်တော်မူပါ၏'' ဟုပါရှိလေသည်။
6:28 ဒံယေလသည်ဒါရိမင်းနန်းစံချိန်နှင့်၊ ပါရှ အမျိုးသားကုရုမင်းနန်းစံချိန်၌ကောင်း စားလျက်နေသတည်း။