Library · my

Habakkuk 3

3:1 ပရောဖက်ဟ​ဗက္ကုတ်​၏ဆုတောင်းပတ္ထ​နာမှာ အောက်ပါအတိုင်းဖြစ်၏။ 3:2 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြတော်မူခဲ့သော အမှုတော်တို့ကို ကြားသိရပြီဖြစ်၍၊ ကျွန်တော်မျိုးသည် ထိတ်လန့်အံ့ဩလျက်ရှိပါ၏။ ကိုယ်တော်ရှင်ပြတော်မူခဲ့သော ကြီးမြတ်သည့် အမှုတို့ကို၊ ကျွန်တော်မျိုးတို့ခေတ်အခါ၌လည်း တစ်ဖန်ပြတော်မူပါ၏။ အမျက်တော်ထွက်ချိန်၌ပင် ကရုဏာထားတော်မူပါ။ 3:3 ဘုရားသခင်သည်တေမန်မြို့မှတစ်ဖန် ကြွလာတော်မူလိမ့်မည်။ သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်သည် ပါရန်တောင်ကုန်းမှ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်ကိုလွှမ်းခြုံလျက်ရှိပါ၏။ ကမ္ဘာ​မြေကြီးသည်လည်း ကိုယ်​တော်အား ထောမနာပြုသံများနှင့် ပြည့်နှက်လျက်နေပါ၏။ 3:4 ကိုယ်တော်သည် နေရောင်ကဲ့သို့အရောင်အဝါ တောက်ပလျက်ကြွလာတော်မူပါ၏။ တန်ခိုးတော်ကိန်းအောင်းရာဖြစ်သည့် လက်ရုံးတော်မှ ရောင်ခြည်တော်ထွက်လျက်နေ၏။ 3:5 ကိုယ်တော်သည် မိမိရှေ့တော်မှအနာရောဂါဘေးကို စေလွှတ်တော်မူ၍၊ နောက်တော်မှသေမင်းကို လိုက်စေတော်မူ၏။ 3:6 ကိုယ်တော်သည်ရပ်တန့်တော်မူသောအခါ မြေလှုပ်ခါပါ၏။ တစ်ချက်မျှကြည့်တော်မူရုံဖြင့် လူမျိုးတကာတို့တုန်လှုပ်ကြပါ၏။ ထာဝရကာလတည်ရှိသောတောင်ကြီးတို့သည် ကြေမွ၍သွားလျက်၊ ရှေးပဝေသဏီကကိုယ်တော်လျှောက်သွားခဲ့သော အစဉ်အမြဲတည်ရှိခဲ့သည့်တောင်ငယ်များသည် တိမ်မြုပ်၍သွားပါ၏။ 3:7 ကုရှန်ပြည်သားတို့ကြောက်လန့်လျက်၊ နေသည်ကိုလည်းကောင်း၊ မိဒျန်ပြည်သားတို့ တုန်လှုပ်လျက်နေသည်ကိုလည်ကောင်း ကျွန်တော်မျိုးမြင်ပါ၏။ 3:8 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏အမျက်ဒေါသကိုလှုံ့ဆော်သည်မှာ မြစ်ချောင်းများပေလော။ ကိုယ်တော်ရှင်အား ပြင်းစွာဒေါသထွက်စေသော အရာမှာ ပင်လယ်ပေလော။ ကိုယ်တော်ရှင်သည် တိမ်လွှာများကိုစီးတော်မူပါ၏။ ကိုယ်​တော်၏လူတို့ထံသို့ အောင်မြင်ခြင်းကို ဆောင်ယူခဲ့သောအခါ မိုးသက်မုန်တိုင်းတိမ်လွှာသည် ကိုယ်တော်၏စစ်မြင်းရထားဖြစ်ပါ၏ 3:9 ကိုယ်တော်ရှင်သည် မိမိ၏လေးတော်ကိုလည်းကောင်း ပစ်လွှတ်ရန်မြား​တော်တို့ကိုလည်းကောင်း၊ အသစ်ပြင်တော်မူပါ၏။ ကိုယ်တော်ရှင်၏လျှပ်စီးသည် ကမာမြေကြီးကို ကွဲအက်စေတော်မူပါ၏။ 3:10 ကိုယ်တော်ရှင်ကိုမြင်သောအခါတောင်များသည် တုန်လှုပ်ကြပါ၏။ ရေတို့သည် တောင်ကမ်းပါးရံများမှ စီးထွက်ကြပါ၏။ မြေလွှာအောက်ရှိရေများသည် အသံမြည်ဟည်းကြပါ၏။ လှိုင်းလုံးများသည်လည်း မြင့်တက်ကြပါ၏။ 3:11 လျင်မြန်လှသည့် မြား​တော်တို့သည် ဝင်းကနဲဝင်းကနဲ အရောင်လက်၍ လှံတော်တို့သည် ပြိုးပြိုးပြက်ပြက်၊ ရောင်ခြည်ထွက်ကြသောအခါ နေနှင့် လတို့သည် ရပ်တန့်၍သွားကြ၏။ 3:12 ကိုယ်တော်ရှင်သည် အမျက်ထွက်တော်မူ၍ ကမ္ဘာ​မြေပြင်ကိုဖြတ်ကျော်ကာဒေါသအဟုန်ဖြင့် လူမျိုးတကာတို့အားနင်းချေတော်မူပါ၏။ 3:13 ကိုယ်တော်ရှင်သည် မိမိလူမျိုးတော်နှင့်၊ မိမိဘိသိက်ပေးတော်မူသောသူအား ကယ်တင်ရန်ထွက်ကြွတော်မူပါ၏။ ကိုယ်​တော်ရှင်သည် သူယုတ်မာခေါင်းဆောင်ကို ချိုးနှိမ်တော်မူ၍ သူ၏​နောက်လိုက်တို့ကို အစတုံး စီရင်တော်မူပါ၏။ 3:14 ကိုယ်တော်ရှင်၏မြား​တော်တို့သည် တပ်မှူးကို ထုတ်ချင်းခတ်ထိုးဖောက်၍သွားပါ၏။ သူ၏တပ်မတော်သည် လေမုန်တိုင်းသဖွယ် ကျွန်တော်မျိုးတို့အား တိုက်လွှင့်ရန်ချီတက်လာပါ၏။ သူတို့သည် ဆင်းရဲသားတို့အား ညှင်းပန်းနှိပ်စက်​သောသူတို့ကဲ့သို့ကျိတ်၍ နှစ်ထောင်းအားရလျက်ရှိနေကြပါ၏။ 3:15 ကိုယ်တော်ရှင်သည် မိမိ၏မြင်းတော်များဖြင့် ပင်လယ်ကိုနင်းချေတော်မူသောအခါ ရေတို့သည်အမြှုပ်ထကြပါ၏။ 3:16 ကျွန်တော်မျိုးသည် ဤအမှုအရာအပေါင်းကို ကြားလျှင် ထိတ်လန့်၍သွားပါ၏။ ကြောက်စိတ်ဖြင့် ကျွန်တော်မျိုး၏နှုတ်ခမ်းတို့သည် ဆတ်ဆတ်တုန်လျက် ကိုယ်ခနွာသည် ပြော့အိကာ ခြေတို့သည် ခွေယိုင်လျက်နေပါ၏။ ကျွန်တော်မျိုးတို့ကို တိုက်ခိုက်သူတို့အား ဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကို ကျွန်တော်မျိုးသည် ငြိမ်သက်စွာစောင့်မျှော်၍နေပါမည်။ 3:17 သင်္ဘောသဖန်းပင်များတွင်အသီးမရှိ။ စပျစ်ပင်များသည် စပျစ်သီးမသီး။ သံလွင်ပင်တို့သည် မအောင်မြင်။ လယ်များမှ အသီးအနှံမထွက်။ သိုးတို့သည်သေကြကုန်လျက်၊ နွားတင်းကုပ်များတွင် ဗလာကျင်း၍နေသော်လည်း 3:18 ဘုရားသခင်၊ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏ ကယ်တင်ရှင်ဖြစ်သောကြောင့် ကျွန်တော်မျိုးသည် ဝမ်းမြောက်ရွှင်လန်းလျက် နေပါမည်။ 3:19 အ​နန္တ​တန်ခိုးရှင်ထာဝရဘုရားသည် ကျွန်တော်မျိုးအားခွန်အားကိုပေး​တော်မူပါ၏။ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအား သမင်ကဲ့သို့ခြေမြဲစေတော်မူ၍ တောင်များပေါ်၌ ဘေးမဲ့လုံခြုံစွာ ထားတော်မူပါ၏။