Numbers 23
23:1 ဗာလမ်က``ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့'' ဟု ဗာလက်အားစေခိုင်းလေသည်။
23:2 ဗာလမ်စေခိုင်းသည့်အတိုင်းဗာလက်သည် ဆောင်ရွက်၍ သူတို့နှစ်ဦးသည်ယဇ်ပလ္လင်တစ်ခု စီပေါ်တွင်နွားတစ်ကောင်နှင့်သိုးတစ်ကောင် ကိုယဇ်ပူဇော်ကြလေသည်။-
23:3 ထိုနောက်ဗာလမ်ကဗာလက်အား``သင်သည် မီးရှို့ရာယဇ်နားတွင်ရပ်နေလော့။ ထာဝရ ဘုရားသည်ငါနှင့်တွေ့ဆုံရန်ကြွလာမည်၊ မကြွလာမည်ကိုသွား၍ကြည့်မည်။ ထာဝရ ဘုရားကငါ့အား ဗျာဒိတ်ပေးတော်မူသမျှ ကိုသင့်အားငါပြောပြမည်'' ဟုဆိုလေ၏။ ထိုကြောင့်သူသည်တစ်ယောက်တည်းတောင် ကုန်းတစ်ခုပေါ်သို့တက်သွားသောအခါ၊-
23:4 ဘုရားသခင်သည်သူနှင့်တွေ့ဆုံရန်ကြွ လာတော်မူ၏။ ထိုအခါဗာလမ်ကထာဝရ ဘုရားအား``အကျွန်ုပ်သည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍တစ်ခုစီပေါ်တွင် နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ'' ဟု လျှောက်ထားလေ၏။
23:5 ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆို ရမည့်စကားကိုမိန့်ကြားပြီးလျှင်ဗာလမ် ကိုဗာလက်ထံသို့ပြန်စေတော်မူ၏။-
23:6 သို့ဖြစ်၍ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ်ပလ္လင် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရလေ၏။
23:7 ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
23:8 ဘုရားသခင်ကျိန်ဆဲတော်မမူသောသူတို့ ကို ငါအဘယ်သို့ကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်ရှုတ်ချတော်မမူသောသူတို့ကို ငါအဘယ်သို့ရှုတ်ချနိုင်မည်နည်း။
23:9 ငါသည်ကျောက်တောင်များပေါ်မှသူတို့ကို မြင်ရ၏။ ငါသည်တောင်ကုန်းများပေါ်မှသူတို့ကိုရှု မြင်နိုင်၏။ သူတို့သည်လူမျိုးအပေါင်းတို့တွင်ထူးခြား သော လူမျိုးဖြစ်၏။ အခြားလူများထက်ကောင်းချီးပို၍ခံစား ရသူများ ဖြစ်ကြောင်းကိုသူတို့သိကြ၏။
23:10 ဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့် မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။''
23:11 ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်မည်သို့ပြုလုပ်လိုက်ပါသနည်း။ အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့ပါသော်လည်း ကိုယ်တော်သည်သူတို့ ကိုကောင်းချီးပေးပါသည်တကား'' ဟုဆို၏။
23:12 ဗာလမ်က``ထာဝရဘုရားဆင့်ဆိုစေလို သည့်အတိုင်းသာလျှင် ငါဆင့်ဆိုနိုင်သည်'' ဟု ပြန်ဖြေလေ၏။
23:13 ထိုနောက်ဗာလက်ဘုရင်ကဗာလမ်အား``ဣသရေလ အမျိုးသားအချို့ကိုသာ မြင်နိုင်သောနေရာသို့ လိုက်ခဲ့ပါ။ ထိုအရပ်မှနေ၍သူတို့ကို ကျိန်ဆဲ ပါလော့'' ဟုဆိုလေ၏။-
23:14 သို့ဖြစ်၍ဗာလက်ဘုရင်သည်ဗာလမ်ကို ပိသဂါ တောင်ပေါ်ရှိဇောဖိမ်ကွင်းသို့ခေါ်ဆောင်သွားလေ သည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍ တစ်ခုစီပေါ်တွင်နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်လေသည်။
23:15 ဗာလမ်ကဗာလက်ဘုရင်အား``သင်သည်မီးရှို့ ရာယဇ်နားတွင်ရပ်နေလော့။ ငါသည်သွား၍ ဘုရားသခင်နှင့်တွေ့ဆုံမည်'' ဟုဆို၏။
23:16 ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆိုရမည့် စကားကိုမိန့်ကြားပြီးနောက်ဗာလမ်ကိုဗာလက် ထံသို့ပြန်စေတော်မူ၏။-
23:17 ထို့ကြောင့်ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရ၏။ ဗာလက် ဘုရင်ကထာဝရဘုရားမည်သို့မိန့်ကြား တော်မူကြောင်းကိုမေးမြန်း၏။-
23:18 ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
23:19 ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
23:20 ကောင်းချီးပေးရန်ငါ့အားစေခိုင်းတော်မူပြီ။ ဘုရားသခင်ပေးတော်မူသောကောင်းချီးကို ငါသည်မရုတ်သိမ်းနိုင်။
23:21 ဣသရေလအမျိုးသားတို့သည်နောင်အခါ ဘေးဒုက္ခရောက်မည်ကိုငါမမြင်။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ်ကြောင်း ကို ကြေညာကြ၏။
23:22 ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။
23:23 မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
23:24 ဣသရေလနိုင်ငံသည်ခွန်အားကြီးသောခြင်္သေ့ နှင့်တူ၏။ သားကောင်ကိုမသတ်ဖြတ်သွေးကိုမသောက် ရလျှင် ထိုခြင်္သေ့သည်ငြိမ်ဝပ်၍နေမည်မဟုတ်။''
23:25 ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ကိုမကျိန် ဆဲပါနှင့်။ သို့ရာတွင်သူတို့အားကောင်းချီး မပေးပါနှင့်'' ဟုဆို၏။
23:26 ဗာလမ်က``ငါသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်း ပြုလုပ်ရသည်ဟုသင့်အားငါ ပြောခဲ့ပြီမဟုတ်လော'' ဟုဖြေကြားလေသည်။
23:27 တစ်ဖန်ဗာလက်ဘုရင်ကဗာလမ်အား``အခြား တစ်နေရာသို့လိုက်ခဲ့ပါလော့။ ကိုယ်တော်အား ထိုအရပ်မှနေ၍သူတို့ကိုကျိန်ဆဲစေရန် ဘုရားသခင်အလိုတော်ရှိကောင်းရှိမည်'' ဟုဆို၏။-
23:28 သို့ဖြစ်၍သူသည်ဗာလမ်အားတောကန္တာရကို မြင်နိုင်သော ပေဂုရတောင်ထိပ်ပေါ်သို့ခေါ်ဆောင် သွားလေသည်။-
23:29 ဗာလမ်က ဘုရင်အား``ဤအရပ်တွင်ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့။ နွားထီးခုနစ် ကောင်နှင့်သိုးထီးခုနစ်ကောင်ကိုယူဆောင်ခဲ့ လော့'' ဟုစေခိုင်းလေသည်။-
23:30 ဗာလက်ဘုရင်သည်ဗာလမ်စေခိုင်းသည့်အတိုင်း ယဇ်ပလ္လင်များတည်၍ တစ်ခုစီပေါ်တွင်နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကိုပူဇော် လေ၏။