Luke 9
9:1 သခင်ယေရှုသည်တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် နတ်မိစ္ဆာ အပေါင်းကိုနှင်ထုတ်နိုင်သောတန်ခိုးအာဏာ နှင့် အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးအာဏာကိုပေးအပ်တော်မူ၏။-
9:2 ထိုနောက်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကိုဟောပြောရန်လည်းကောင်း၊ ဖျားနာသူများ ကိုကျန်းမာအောင်ကုသပေးရန်လည်းကောင်း စေလွှတ်တော်မူ၏။-
9:3 ကိုယ်တော်က ``လမ်းခရီးအတွက်သင်တို့သည် အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ ရိက္ခာ၊ ကြေးငွေတို့ကိုမယူရကြ။ လူတစ်ကိုယ်လျှင်အင်္ကျီအပိုတစ်ထည်ပင် မပါရ။-
9:4 မည်သည့်အိမ်မဆိုသင်တို့ကိုဝင်ခွင့်ပြုလျှင် မြို့မှထွက်ခွာသည်တိုင်အောင်ထိုအိမ်မှာပင် တည်းခိုကြလော့။-
9:5 သင်တို့အားလက်မခံသူများကိုမူသတိ ပေးသည့်အနေဖြင့် ထိုမြို့မှထွက်ခွာချိန်၌ သင်တို့ခြေဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။
9:6 တမန်တော်တို့သည်အထံတော်မှထွက်သွား ပြီးလျှင် အရပ်ရပ်သို့လှည့်လည်လျက်သတင်း ကောင်းကိုဟောပြောကြေညာ၍အနာရောဂါ များကိုပျောက်ကင်းစေကြ၏။
9:7 ဂါလိလဲဘုရင်ခံမင်းကြီးဟေရုဒ်မင်းသည် ကိုယ် တော်ပြုတော်မူသောအမှုအရာများအကြောင်း ကိုကြား၏။ လူအချို့က ``ဗတ္တိဇံဆရာယောဟန် သေရာမှရှင်ပြန်လေပြီ'' ဟူ၍လည်းကောင်း၊-
9:8 အချို့က ``ဧလိယကြွလာလေပြီ'' ဟူ၍ လည်းကောင်း၊ အချို့ကမူ ``ရှေးပရောဖက်တစ် ပါးအသက်ပြန်၍ရှင်လာလေပြီ'' ဟူ၍လည်း ကောင်းပြောဆိုနေကြသည်ကိုဟေရုဒ်သည် ကြားသဖြင့်စိတ်ရှုပ်ထွေးလျက်၊-
9:9 ``ငါသည်ယောဟန်၏ဦးခေါင်းကိုဖြတ်ခဲ့၏။ ငါ သတင်းကြားနေရသောဤသူကားအဘယ်သူ နည်း'' ဟုဆို၍သခင်ယေရှုကိုတွေ့မြင်ရန်ကြိုး စားလျက်နေ၏။
9:10 တမန်တော်တို့သည်ကိုယ်တော်ထံသို့ပြန်လာကြ လျက် မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကိုလျှောက် ထားကြ၏။ ကိုယ်တော်သည်သူတို့ကိုခေါ်၍ ဗက်ဇဲဒနာမည်တွင်သောမြို့သို့ကြွတော်မူ၏။-
9:11 လူပရိသတ်တို့သည်ထိုသို့ကြွသွားကြောင်းကို ကြားသိကြသောအခါနောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ထိုသူတို့အားကြိုဆို လက်ခံပြီးလျှင် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။ မကျန်းမာသူကိုလည်းကျန်းမာစေတော်မူ၏။
9:12 မိုးချုပ်စပြုသောအခါတစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည်ကိုယ်တော်၏ထံသို့လာ၍ ``ဤ လူပရိသတ်ကိုပတ်ဝန်းကျင်ကျေးလက်နှင့်တော ရွာများသို့သွား၍ တည်းခိုရန်နေရာနှင့်အစား အစာကိုရှာစေတော်မူပါ။ ဤအရပ်သည်လူ သူနှင့်ဝေးရာအရပ်ဖြစ်ပါ၏'' ဟုလျှောက် ထားကြ၏။
9:13 ကိုယ်တော်က ``သင်တို့ပင်ထိုသူတို့အားစား စရာကိုကျွေးမွေးကြလော့'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``အကျွန်ုပ်တို့သည်ဤလူထု အတွက်အစားအစာများကိုသွား၍ဝယ်ရ ပါမည်လော။ အကျွန်ုပ်တို့ထံမှာမုန့်ငါးလုံး နှင့်ငါးနှစ်ကောင်သာရှိပါ၏'' ဟုပြန်လည် လျှောက်ထားကြ၏။-
9:14 (အဘယ်ကြောင့်ဤသို့လျှောက်ထားရသနည်း ဆိုသော်လူပရိသတ်ဦးရေငါးထောင်ခန့်ရှိ သောကြောင့်ဖြစ်၏။) ကိုယ်တော်က ``ဤသူတို့ကိုငါးဆယ်ခန့်စီ အစုလိုက်ထိုင်စေကြလော့'' ဟုမိန့်တော်မူ သည်။-
9:15 တပည့်တော်တို့သည်အမိန့်တော်အတိုင်း ဆောင်ရွက်ကြ၏။-
9:16 ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို ယူတော်မူ၏။ ထိုနောက်ကောင်းကင်သို့မျှော်ကြည့် လျက်ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ မုန့်နှင့်ငါးကိုဖဲ့တော်မူပြီးလျှင်လူတို့အား ဝေငှရန်အတွက်တပည့်တော်တို့အားပေးအပ် တော်မူ၏။-
9:17 လူအပေါင်းတို့သည်အဝစားရကြ၏။ သူတို့ ၏စားကြွင်းစားကျန်များကိုကောက်သိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
9:18 အခါတစ်ပါး၌ကိုယ်တော်သည်တစ်ကိုယ်တည်း ဆုတောင်းပတ္ထနာပြုလျက်နေတော်မူသောအခါ တပည့်တော်တို့သည်ကိုယ်တော်၏ထံတော်သို့လာ ကြ၏။ ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ် သူဟုဆိုကြသနည်း'' ဟုမေးတော်မူ၏။
9:19 တပည့်တော်တို့က ``ဗတ္တိဇံဆရာယောဟန်ဟု အချို့ဆိုကြပါသည်။ အချို့ကဧလိယဟူ၍ လည်းကောင်း၊ အချို့ကမူပြန်လည်အသက်ရှင်လာ သောရှေးပရောဖက်တစ်ပါးဟူ၍လည်းကောင်း ပြောဆိုကြပါသည်'' ဟုလျှောက်ထားကြ၏။
9:20 ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြသနည်း'' ဟုမေးတော် မူ၏။ ပေတရုက ``အရှင်သည်ဘုရားသခင်စေလွှတ် တော်မူသည့်မေရှိယဖြစ်ပါသည်'' ဟုဖြေဆို လျှောက်ထား၏။
9:21 ကိုယ်တော်က ``ဤအကြောင်းကိုမည်သူမျှ မသိစေနှင့်'' ဟုကြပ်တည်းစွာပညတ်တော် မူ၏။-
9:22 ထိုနောက်ဆက်လက်၍ ``လူသားသည်ဝေဒနာများ စွာခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်သူ့ကိုပစ်ပယ်ကြလိမ့်မည်။ လူသား သည်အသေခံရမည်။ သုံးရက်မြောက်သောနေ့ ၌ရှင်ပြန်ထမြောက်လိမ့်မည်'' ဟုတပည့်တော် တို့အားမိန့်တော်မူ၏။
9:23 ထိုနောက်ကိုယ်တော်ကလူအပေါင်းတို့အား ``ငါ့ တပည့်ဖြစ်လိုသူသည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကိုနေ့စဉ်ထမ်း၍ငါ့ နောက်သို့လိုက်ရမည်။-
9:24 မိမိအသက်ကိုကယ်ဆယ်လိုသူသည်အသက် ဆုံးရှုံးရလိမ့်မည်။ ငါ့ကြောင့်အသက်ဆုံးရှုံး သူသည်မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။-
9:25 လူသည်တစ်လောကလုံးကိုစိုးပိုင်ခွင့်ရသော် လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ် အကျိုးရှိမည်နည်း။-
9:26 မည်သူမဆိုငါနှင့်ငါ၏သြဝါဒကြောင့်ရှက် လျှင်လူသားသည်မိမိ၏ဘုန်းအသရေ၊ ခမည်း တော်၏ဘုန်းအသရေ၊ သန့်ရှင်းသောကောင်းကင် တမန်များ၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါထိုသူကြောင့်ရှက်တော်မူ လတ္တံ့။-
9:27 သင်တို့အားအမှန်အကန်ငါဆိုသည်ကား ဤ အရပ်ရှိလူအချို့တို့သည်ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီမသေရကြ'' ဟု မိန့်တော်မူ၏။
9:28 ဤသို့မိန့်တော်မူပြီးနောက်ရှစ်ရက်ခန့်ကြာသော အခါကိုယ်တော်သည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် သို့ကြွတော်မူ၏။-
9:29 ဆုတောင်းပတ္ထနာပြုလျက်နေတော်မူစဉ်မျက်နှာ တော်၏အဆင်းအရောင်သည်ထူးခြားလာလျက်၊ အဝတ်တော်သည်ဖြူဖွေးတောက်ပလာ၏။-
9:30 လူနှစ်ယောက်တို့သည်ရုတ်တရက်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောလျက်နေ၏။ ထိုသူ တို့သည်ကားမောရှေနှင့်ဧလိယဖြစ်ကြ၏။-
9:31 သူတို့သည်ဘုန်းအသရေနှင့်တကွပေါ်လာ ၍ဘုရားသခင်၏အလိုတော်အရမကြာမီ ယေရုရှလင်မြို့တွင်ကိုယ်တော်အသေခံတော် မူရမည့်အကြောင်းကိုကိုယ်တော်နှင့်ပြောဆို နေကြသတည်း။-
9:32 ပေတရုနှင့်အဖော်များသည်ငိုက်မြည်း အိပ်ပျော်လျက်နေကြ၏။ သို့ရာတွင်သူတို့ နိုးလာသောအခါကိုယ်တော်၏ဘုန်းအသ ရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေသူနှစ်ဦးကိုလည်းကောင်းမြင်ကြ၏။-
9:33 ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။
9:34 ဤသို့လျှောက်ထားစဉ်မိုးတိမ်တိုက်တစ်ခုသည် ပေါ်လာ၍သူတို့အပေါ်မှာတိမ်ရိပ်ကျလေ၏။-
9:35 မိုးတိမ်တိုက်သူတို့အပေါ်သို့ရောက်လာသော အခါသူတို့သည်ကြောက်လန့်ကြ၏။ မိုးတိမ် ထဲက ``ဤသူကားငါ၏သားတော်ဖြစ်၏။ သူ့ အားငါရွေးကောက်တော်မူပြီ။ သူ၏စကား ကိုနားထောင်ကြလော့'' ဟုအသံတော်ထွက် ပေါ်လာ၏။
9:36 အသံတော်ထွက်ပေါ်ပြီးသည့်နောက်သခင်ယေရှု တစ်ပါးတည်းကိုသာလျှင်တပည့်တော်တို့မြင် ရကြ၏။ သူတို့သည်မိမိတို့တွေ့မြင်ရသည့် အကြောင်းအရာကိုထိုစဉ်အခါကမည်သူ့ ကိုမျှမပြောဘဲဆိတ်ဆိတ်နေကြ၏။
9:37 နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင်ပေါ်မှဆင်းလာကြ၏။ ထိုအခါများစွာ သောလူပရိသတ်တို့သည်ကိုယ်တော်ကိုခရီးဦး ကြိုဆိုကြ၏။-
9:38 ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်၏သားကိုကြည့်ရှုတော်မူရန်တောင်း ပန်ပါ၏။ သူသည်အကျွန်ုပ်၏တစ်ဦးတည်းသော သားဖြစ်ပါ၏။-
9:39 နတ်ပူးဝင်သဖြင့်ရုတ်တရက်အော်ဟစ်တတ် ပါ၏။ နတ်သည်သူ့ကိုတုန်တက်စေသဖြင့်သူ့ ပါးစပ်မှအမြှုပ်ထွက်တတ်ပါ၏။ နတ်သည် သူ့အားပင်ပန်းမောဟိုက်နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့်သာလျှင်ထွက်ခွာတတ်ပါ၏။-
9:40 အကျွန်ုပ်သည်အရှင်၏တပည့်များအားထို နတ်ကိုနှင်ထုတ်ပေးရန်တောင်းပန်ပါသော် လည်းသူတို့သည်မတတ်နိုင်ကြပါ'' ဟု လျှောက်ထား၏။
9:41 သခင်ယေရှုက ``ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန် တတ်သောခေတ်လူတို့၊ ငါသည်သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍သည်းခံရမည်နည်း'' ဟု မိန့်တော်မူ၏။ ထိုနောက်ထိုသူအား ``သင်၏သား ကိုခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။
9:42 သူငယ်လာနေစဉ်ပင်နတ်မိစ္ဆာသည်သူ့အားမြေ ပေါ်သို့လှဲ၍တုန်တက်စေ၏။ သခင်ယေရှုသည် နတ်မိစ္ဆာအားအမိန့်ပေး၍သူငယ်ကိုကျန်းမာ စေတော်မူပြီးနောက်ဖခင်အားပြန်လည်ပေး အပ်တော်မူ၏။-
9:43 လူအပေါင်းတို့သည်ဘုရားသခင်၏မဟာ တန်ခိုးတော်ကိုမြင်ရ၍အံ့သြကြကုန်၏။ လူတို့သည်ကိုယ်တော်ပြုတော်မူသောအမှု အရာများကြောင့်အံ့သြနေကြစဉ်၊ ကိုယ်တော် က၊-
9:44 ``လူသားသည်လူတို့၏လက်သို့အပ်နှံခြင်းကို ခံရလိမ့်မည်။ ဤစကားကိုသင်တို့သတိပြု၍ မှတ်ထားကြလော့'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။-
9:45 သို့ရာတွင်တပည့်တော်တို့သည်ထိုစကားကို နားမလည်ကြ။ ယင်းသို့နားမလည်ကြစေရန် အနက်အဋ္ဌိပ္ပါယ်ကွယ်ဝှက်လျက်ရှိသတည်း။ သူ တို့သည်လည်းကိုယ်တော်အားမမေးမလျှောက် ဝံ့ကြ။
9:46 တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးနည်းဟုအချင်းချင်း အခြေအတင်ပြောဆိုနေကြ၏။-
9:47 သခင်ယေရှုသည်ထိုသို့ငြင်းခုံနေကြသည် ကိုသိတော်မူသဖြင့် ကလေးသူငယ်တစ်ယောက် ကိုခေါ်၍မိမိအနီးတွင်ရပ်စေတော်မူ၏။-
9:48 ထိုနောက်ကိုယ်တော်က ``ငါ၏နာမကိုထောက် ၍ဤကလေးသူငယ်ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏'' ဟုမိန့်တော်မူ၏။
9:49 ယောဟန်က ``အရှင်ဘုရား၊ လူတစ်ယောက်သည် အရှင်၏နာမတော်ကိုအမှီပြု၍နတ်မိစ္ဆာတို့ ကိုနှင်ထုတ်နေသည်ကိုအကျွန်ုပ်တို့တွေ့မြင် ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့ဘက်သား မဟုတ်။ ထို့ကြောင့်အကျွန်ုပ်တို့သည်သူ့အား အရှင်၏နာမတော်ကိုအသုံးမပြုရန် တားမြစ်ခဲ့ပါ၏'' ဟုလျှောက်ထား၏။
9:50 သခင်ယေရှုက ``ထိုသူကိုမတားမြစ်ကြ နှင့်။ သင်တို့ကိုမဆန့်ကျင်သူသည်သင်တို့ ဘက်သားဖြစ်၏'' ဟုမိန့်တော်မူ၏။
9:51 ကောင်းကင်ဘုံသို့တက်ကြွရန်အချိန်နီးလာ သောအခါ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ကြွတော်မူရန်စိတ်ပိုင်းဖြတ်လျက်-
9:52 စေတမန်များကိုကြိုတင်စေလွှတ်တော်မူ၏။ သူတို့သည်သွား၍ကိုယ်တော်၏အတွက်ပြင် ဆင်မှုများကိုပြုရန်ရှမာရိရွာတစ်ရွာသို့ ဝင်ကြ၏။-
9:53 သို့ရာတွင်ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်နေတော်မူသည်ကိုထောက်၍ ရွာသားတို့သည်ကိုယ်တော်ကိုလက်မခံကြ။-
9:54 ဤအခြင်းအရာကိုကိုယ်တော်၏တပည့်တော် များဖြစ်ကြသောယာကုပ်နှင့်ယောဟန်တို့မြင် ကြသောအခါ ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျ၍ထိုသူတို့အားလောင် ကျွမ်းစေရန်အလိုရှိတော်မူသလော'' ဟုမေး လျှောက်ကြ၏။-
9:55 ကိုယ်တော်သည်လှည့်၍သူတို့အားဆုံးမတော် မူ၏။-
9:56 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် အခြားရွာတစ်ရွာသို့ထွက်သွားကြ၏။
9:57 ယင်းသို့ခရီးပြုနေကြစဉ်လူတစ်ယောက် က ``အကျွန်ုပ်သည်အရှင်ကြွတော်မူရာသို့ လိုက်ပါမည်'' ဟုသခင်ယေရှုအားလျှောက် ထား၏။
9:58 သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
9:59 ကိုယ်တော်သည်အခြားလူတစ်ယောက်အား ``ငါ့ နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ရာတွင်ထိုသူက ``အကျွန်ုပ်အဖ၏အလောင်း ကိုဦးစွာသွား၍သင်္ဂြိုဟ်ခွင့်ပေးတော်မူပါ'' ဟု လျှောက်၏။
9:60 ကိုယ်တော်က ``လူသေတို့သည်အချင်းချင်း သင်္ဂြိုဟ်ကြပါစေ။ သင်မူကားသွား၍ဘုရား သခင်၏နိုင်ငံတော်အကြောင်းဟောပြော လော့'' ဟုမိန့်တော်မူ၏။
9:61 အခြားသောသူတစ်ယောက်က ``အရှင်၊ အကျွန်ုပ် သည်နောက်တော်သို့လိုက်ပါမည်။ သို့ရာတွင် အကျွန်ုပ်၏အိမ်သူအိမ်သားများအားဦး စွာသွား၍နှုတ်ဆက်ခွင့်ပြုတော်မူပါ'' ဟု လျှောက်၏။-
9:62 သခင်ယေရှုက ``ထွန်ကိုင်းကိုကိုင်လျက်နောက် သို့လှည့်ကြည့်သူသည်ဘုရားသခင်၏နိုင်ငံ တော်အတွက်အသုံးမဝင်'' ဟုမိန့်တော်မူ၏။