Acts 2
2:1 ပင်တေကုတ္တေပွဲတော်နေ့ကျရောက်သောအခါ တပည့်တော်အပေါင်းတို့သည်တစ်နေရာ တည်းတွင်စုရုံးလျက်ရှိကြ၏။-
2:2 ထိုအခါလေပြင်းမုန်တိုင်းတိုက်ခတ်သံနှင့် တူသောအသံသည် အထက်ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၏။ ထိုနောက်တပည့်တော် တို့နေထိုင်ရာအိမ်သည် ထိုအသံဖြင့်ပြည့် လေ၏။-
2:3 သူတို့သည်မီးလျှာများနှင့်တူသည့်အရာ များကိုလည်းမြင်ရကြ၏။ ယင်းမီးလျှာတို့ သည်အဖြာဖြာကွဲကာ ထိုသူတို့အသီး သီးအပေါ်တွင်တည်နေ၏။-
2:4 ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။
2:5 ထိုကာလ၌ကမ္ဘာပေါ်ရှိတိုင်းပြည်အသီးသီး မှ လာရောက်ကြသောဘုရားတရားရိုသေကိုင်း ရှိုင်းသူ ယုဒအမျိုးသားတို့သည်ယေရုရှလင် မြို့တွင်တည်းနေကြ၏။-
2:6 ထိုအသံကိုကြားသောအခါလူပရိသတ် တို့သည်စုရုံးလာကြ၏။ တပည့်တော်တို့ဟော ပြောချက်များကို လူတိုင်းပင်မိမိဘာသာ စကားဖြင့်ကြားကြရသဖြင့်သူတို့သည် အံ့အားသင့်ကြ၏။-
2:7 အံ့သြမိန်းမောတွေဝေကာ``ဤသို့ဟောပြော နေကြသူတို့ကားဂါလိလဲပြည်သားများ မဟုတ်ပါလော။-
2:8 ဟုတ်သည်ဆိုပါမူငါတို့အားလုံးသည် မိမိ တို့တိုင်းရင်းသားဘာသာစကားအတိုင်း အသီး သီးကြားကြရသည်ကားအသို့နည်း။-
2:9 ငါတို့သည်ပါသိပြည်၊ မေဒိပြည်၊ ဧလံ ပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊-
2:10 ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်များမှ လည်းကောင်း၊ ကုရေနေမြို့အနီးလိဗုနယ်ပယ် များမှလည်းကောင်းလာကြသူများဖြစ်၏။ အချို့သောငါတို့သည်ရောမမြို့မှရောက် လာသော၊-
2:11 ယုဒအမျိုးသားများနှင့်ယုဒဘာသာသို့ ကူးပြောင်းလာကြသူများဖြစ်ကြ၏။ အချို့ သောငါတို့သည်ကရေတေပြည်သားနှင့်အာရပ် အမျိုးသားများဖြစ်ကြ၏။ သို့ရာတွင်ငါတို့ သည်ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ် အမှုတော်များကို ငါတို့ဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရကြပါသည် တကား'' ဟုဆိုကြ၏။-
2:12 သူတို့သည်လွန်စွာအံ့သြတွေဝေလျက် ``ဤ အမှုအရာကားအဘယ်သို့သောအမှုအရာ ဖြစ်သနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
2:13 အခြားသောသူတို့မူ ``ဤသူတို့သည်သေ သောက်မူးယစ်နေသူများဖြစ်ကြ၏'' ဟု ကဲ့ရဲ့ပြောဆိုကြ၏။
2:14 ပေတရုသည်တစ်ကျိပ်တစ်ပါးတို့နှင့်အတူ ရပ်လျက်အသံကျယ်စွာဖြင့် ``ယုဒအမျိုးသား များနှင့်ယေရုရှလင်မြို့သားအပေါင်းတို့ငါ့ စကားကိုနားထောင်ကြလော့။ ဤအမှုအရာ အကြောင်းကိုငါရှင်းပြမည်။-
2:15 ဤသူတို့သည်သင်တို့ထင်မှတ်သည်အတိုင်း မူးယစ်နေသူများမဟုတ်။ ယခုနံနက်ကိုး နာရီမျှသာရှိသေး၏။-
2:16 ဤအမှုအရာကားပရောဖက်ယောလ ဟောကြားခဲ့သည့်အမှုအရာပင်ဖြစ်၏။ ထို ပရောဖက်က၊
2:17 `အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
2:18 ထိုနေ့ရက်ကာလ၌ငါ၏အစေခံသူယောကျာ်း၊ မိန်းမများအပေါ်သို့ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သူတို့သည်ငါ၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြလိမ့်မည်။
2:19 အထက်အရပ်ကောင်းကင်တွင်နိမိတ် လက္ခဏာများကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်တွင်အံ့သြဖွယ်သော အရာများကိုလည်းကောင်းငါပြမည်။ သွေး၊မီးလျှံ၊မီးခိုးတည်းဟူသော ပုပ္ပနိမိတ်များကိုငါပြမည်။
2:20 ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။
2:21 ထိုအခါထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ဆုတောင်းပတ္ထနာပြုကြသူအပေါင်းတို့သည် ကယ်တင်တော်မူခြင်းကိုခံရကြလိမ့်မည်' ဟူ၍ဟောပြောခဲ့သတည်း။
2:22 ``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
2:23 ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
2:24 သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-
2:25 ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊ `ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။
2:26 သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။
2:27 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအား သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။
2:28 အသက်ရှင်ရာလမ်းသို့ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးနှင့်အတူ ရှိတော်မူခြင်းဖြင့် ကျွန်တော်မျိုးအားဝမ်းမြောက် စေတော်မူလိမ့်မည်' ဟုဆို၏။
2:29 ``ညီအစ်ကိုတို့၊ ငါတို့၏နာမည်ကျော်အဖ ဖြစ်သောဒါဝိဒ်မင်း၏အကြောင်းကို ငါသည် သင်တို့အားရှင်းလင်းစွာဖော်ပြပါရစေ။ သူ သည်သေလွန်၍သင်္ဂြိုဟ်ခြင်းကိုခံရ၏။ သူ၏ သင်္ချိုင်းသည်ယနေ့တိုင်အောင်ငါတို့မျက်မှောက် တွင်ရှိသေး၏။-
2:30 သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။-
2:31 နောင်အခါတွင်ဘုရားသခင်မည်သို့ပြုတော် မူမည်ကိုသိသဖြင့်၊ `ကိုယ်တော်ကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မမူ။ သူ၏ခန္ဓာကိုသင်္ချိုင်းတွင်ပုပ်ပျက် စေတော်မူမည်မဟုတ်' ဟုသေခြင်းမှမေရှိယထမြောက်တော်မူ မည့်အကြောင်းကိုကြိုတင်ဖော်ပြခဲ့၏။-
2:32 ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။-
2:33 ကိုယ်တော်သည်ဘုရားသခင်၏လက်ယာတော် ဘက်တွင်စံပယ်ရန်ချီးမြှင့်ခြင်းခံတော်မူပြီး နောက် ခမည်းတော်ကတိထားတော်မူသည့်သန့် ရှင်းသောဝိညာဉ်တော်ကိုခံယူ၍ သင်တို့ယခု တွေ့မြင်ကြားသိနေကြသည့်ဝိညာဉ်တော်ကို ငါတို့အပေါ်သို့သွန်းလောင်းတော်မူသတည်း။-
2:34 ဒါဝိဒ်မင်းသည်ကောင်းကင်ဘုံသို့တက်ကြွ သည်မဟုတ်။ သို့ရာတွင်ဒါဝိဒ်မင်းက၊ `ငါ၏လက်ယာဘက်၌ထိုင်နေလော့။ သင်၏ရန်သူများကိုသင်၏ခြေတင်ခုံဖြစ် စေမည်ဟု ထာဝရဘုရားကငါ၏အရှင်အားမိန့်တော် မူ၏' ဟူ၍ဖော်ပြခဲ့၏။-
2:36 သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
2:37 ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။
2:38 ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။-
2:39 ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
2:40 ပေတရုသည်ဤမျှသာမကအခြားတရား စကားများအားဖြင့်လည်းတိုက်တွန်းဟောပြော ၏။ ``သင်တို့သည်မိမိတို့ကိုယ်ကိုဤဆိုးယုတ် သောလူတို့ခံကြရမည့်အပြစ်ဒဏ်မှကင်း လွတ်စေကြလော့'' ဟုထိုသူတို့အားတိုက် တွန်း၏။-
2:41 လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။-
2:42 ထိုသူတို့သည်တမန်တော်တို့၏ဆုံးမသြဝါဒ ကိုခံယူခြင်း၊ စုပေါင်းနေထိုင်စားသောက်ခြင်း၊ ပွဲ တော်မင်္ဂလာဝင်ခြင်း၊ အတူတကွဆုတောင်းပတ္ထနာ ပြုခြင်းတို့ဖြင့်အချိန်ကိုကုန်လွန်စေကြ၏။
2:43 တမန်တော်တို့သည်များစွာသောအံ့သြဖွယ် ရာများနှင့်နိမိတ်လက္ခဏာများကိုပြကြ သဖြင့် လူအပေါင်းတို့သည်အံ့သြကြောက် လန့်ကြကုန်၏။-
2:44 ခရစ်တော်ကိုယုံကြည်သူအပေါင်းတို့သည် တစ် စုတစ်ဝေးတည်းနေထိုင်၍ မိမိတို့ဥစ္စာပစ္စည်း များကိုဝေမျှသုံးဆောင်ကြလေသည်။-
2:45 သူတို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ချို့တဲ့သူများအားချို့တဲ့မှု ပမာဏအတိုင်းဝေမျှကြ၏။-
2:46 သူတို့သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် စုဝေးကြ၏။ မိမိတို့အိမ်များတွင်နှိမ့်ချ သောစိတ်ဖြင့်ဝမ်းမြောက်စွာအတူတကွ အစာအာဟာရကိုသုံးဆောင်ကြ၏။-
2:47 သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။