Joshua 9
9:1 ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-
9:2 သူတို့သည်ယောရှုနှင့်ဣသရေလအမျိုး သားတို့အား စုပေါင်း၍တိုက်ခိုက်ရန်သဘော တူကြ၏။
9:3 ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-
9:4 သူ့အားလိမ်လည်လှည့်စားရန်ကြံစည်ကြ လေသည်။ သူတို့သည်ဟောင်းနွမ်းသောရိက္ခာ အိတ်များနှင့်အဖာအထေးများရှိသော သားရေစပျစ်ရည်ဘူးများကိုမြည်းများ ပေါ်တွင်တင်ကြသည်။-
9:5 သူတို့သည်အဝတ်အစုတ်အပြဲများကို ဝတ်ဆင်၍ ဟောင်းနွမ်းသောဖိနပ်များကိုစီး ကြသည်။ ခြောက်သွေ့၍မှိုတက်သောအစား အစာများကိုယူဆောင်ကြသည်။-
9:6 ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။
9:7 ထိုအခါဣသရေလအမျိုးသားတို့က``သင် တို့သည်ငါတို့အနီးအပါးတွင်နေထိုင်သူ များဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဆိုလျှင်သင် တို့နှင့်အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်နည်း'' ဟုဆိုကြ၏။-
9:8 သူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော်၏အစေ ကိုခံပါမည်'' ဟုယောရှုအားပြန်ပြောကြ၏။ ယောရှုက``သင်တို့သည်မည်သူများဖြစ်ကြ သနည်း။ မည်သည့်အရပ်မှလာကြသနည်း'' ဟုမေးလေ၏။
9:9 ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊-
9:10 ယော်ဒန်မြစ်အရှေ့ဘက်တွင်စိုးစံသောအာ မောရိမင်းနှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင် ရှိဟုန်နှင့်အာရှတရုတ်မြို့၌နန်းစိုက်သော ဗာရှန်ဘုရင်သြဃတို့အား မည်ကဲ့သို့နှိမ် နင်းခဲ့ကြောင်းကိုလည်းကောင်းအကျွန်ုပ်တို့ ကြားရပါသည်။-
9:11 သို့ဖြစ်၍အကျွန်ုပ်တို့၏ခေါင်းဆောင်များ နှင့်အမျိုးသားအပေါင်းတို့ကခရီးအတွက် ရိက္ခာယူဆောင်လျက် ကိုယ်တော်နှင့်တွေ့ဆုံရန် အကျွန်ုပ်တို့အားစေလွှတ်ကြပါသည်။ ကိုယ် တော်ထံ၌အညံ့ခံ၍ငြိမ်းချမ်းရေးတောင်း ဆိုရန်အကျွန်ုပ်တို့အားမှာကြားလိုက်ပါ သည်။-
9:12 အကျွန်ုပ်တို့၏နေအိမ်မှကိုယ်တော်ထံသို့ ခရီးစထွက်ချိန်တွင်ရိက္ခာများမှာပူနွေး လတ်ဆတ်လျက်ရှိခဲ့ပါသည်။ ယခုထိုရိက္ခာ များကိုကြည့်ပါ။ ခြောက်သွေ့၍မှိုတက်လျက် ရှိပါသည်။-
9:13 စပျစ်ရည်ထည့်စဉ်ကသားရေဘူးများသည် လည်းအသစ်ဖြစ်ပါသည်။ ယခုကြည့်ပါ၊ ဘူး များစုတ်ပြဲလျက်ရှိပါသည်။ ခရီးဝေးမှလာ ခဲ့ရသဖြင့်အကျွန်ုပ်တို့၏အဝတ်နှင့်ဖိနပ် များသည်ဟောင်းနွမ်းလျက်ရှိပါသည်'' ဟု ယောရှုအားလျှောက်ထားကြ၏။
9:14 ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအားမေးမြန်းလျှောက်ထားခြင်းမပြု ဘဲ ထိုသူတို့ထံမှရိက္ခာကိုလက်ခံကြသည်။-
9:15 ယောရှုသည်သူတို့နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍သူတို့အားအသက်ချမ်းသာပေး လေ၏။ ဣသရေလအကြီးအကဲတို့ကလည်း ငြိမ်းချမ်းရေးစာချုပ်ကိုတည်စေမည်ဟုကတိ သစ္စာပြုကြ၏။
9:16 ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုပြီးနောက်သုံးရက်ကြာ သောအခါထိုသူတို့သည် မိမိတို့အနီး အနားတွင်နေထိုင်သူများဖြစ်ကြောင်း ကြားသိရလေသည်။-
9:17 သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-
9:18 သို့ရာတွင်ဣသရေလအမျိုးသားအကြီး အကဲတို့သည် ဘုရားသခင်ထာဝရဘုရား ကိုတိုင်တည်၍ကတိသစ္စာပြုခဲ့ကြသဖြင့် သူတို့ကိုမသတ်ဖြတ်မသုတ်သင်နိုင်ကြ ချေ။ ထိုကြောင့်ဣသရေလအမျိုးသားတို့ သည် အကြီးအကဲတို့အားအပြစ်တင် ကြ၏။-
9:19 ထိုအခါသူတို့က``ငါတို့သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကိုတိုင်တည်၍ ကတိသစ္စာပြုထား ပြီးဖြစ်ခြင်းကြောင့် သူတို့ကိုလက်ဖျား နှင့်ပင်မတို့နိုင်။-
9:20 ငါတို့ပြုထားသောကတိသစ္စာကြောင့်သူ တို့ကိုအသက်ချမ်းသာခွင့်ပေးရမည်။ ငါ တို့ကတိမတည်လျှင်ဘုရားသခင်သည် ငါတို့အားဒဏ်ခတ်တော်မူလိမ့်မည်။-
9:21 သူတို့အားအသက်ချမ်းသာခွင့်ပေးကြကုန် အံ့။ သို့ရာတွင်သူတို့အား ငါတို့အတွက်ရေ ခပ်ထင်းခုတ်အလုပ်များကိုလုပ်ကိုင်စေရ မည်'' ဟုအကြံပေးသည့်အတိုင်းဣသ ရေလအမျိုးသားတို့ကသဘောတူကြ ၏။
9:22 ယောရှုသည်ဂိဗောင်မြို့သားတို့ကိုဆင့်ခေါ် ၍``သင်တို့သည်ငါတို့အနီးတွင်နေထိုင်ပါ လျက်နှင့် ဝေးသောအရပ်မှလာသည်ဟု အဘယ်ကြောင့်ငါတို့ကိုလှည့်စားပြောဆို ကြပါသနည်း။-
9:23 ထိုပြစ်မှုကြောင့်ဘုရားသခင်သည်သင်တို့ ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။ သို့ဖြစ်၍ ငါ့ဘုရားသခင်၏အိမ်တော်အတွက် သင်တို့ သည်ရေခပ်ထင်းခုတ်အလုပ်ကိုလုပ်၍ အမြဲကျွန်ခံရကြမည်'' ဟုဆို၏။
9:24 ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
9:25 ယခုအကျွန်ုပ်တို့သည်ကိုယ်တော်၏လက် တွင်းသို့ရောက်ရှိနေပြီဖြစ်၍ ကိုယ်တော် ပြုသင့်သည်ဟုထင်သည့်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြလေသည်။-
9:26 ထိုကြောင့်ယောရှုသည်ဣသရေလအမျိုး သားတို့၏လက်ချက်ဖြင့် သေမည့်ဘေးမှ သူတို့ကိုကယ်ဆယ်လိုက်လေသည်။-
9:27 တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။