Judges 5
5:1 ထိုနေ့၌ဒေဗောရနှင့်အဘိနောင်၏သား ဗာရက်တို့သည် အောက်ပါသီချင်းကိုသီဆို ကြလေသည်။
5:2 ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
5:3 အချင်းရှင်ဘုရင်တို့နားထောင်ကြလော့။ အချင်းအာဏာပိုင်တို့သတိမူကြလော့။ ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို၊သီကူးရန်ငါသီချင်းဆို၍ စောင်းကိုတီးမည်။
5:4 အို ထာဝရဘုရားစိရတောင်ရိုးပေါ်မှာ ကိုယ်တော်ကြွလျက် ဧဒုံပြည်မှစစ်ချီတော်မူသောအခါ၊ မြေငလျင်လှုပ်၍ကောင်းကင်မှမိုးရွာသွန်း ပါ၏။ မိုးတိမ်များမှမိုးရေတို့သည်ကျဆင်းလာ ပါ၏။
5:5 တောင်ရိုးတို့သည်သိနာတောင်၏အရှင် ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌တုန်လှုပ်ကြ ပါ၏။-
5:6 အာနတ်၏သားရှံဂါလက်ထက်၌လည်းကောင်း၊ ယေလလက်ထက်၌လည်းကောင်း၊ ခရီးသွားကုန်သည်တို့သည်တိုင်းပြည်ကို ဖြတ်၍မသွားကြတော့ချေ။ ခရီးသည်တို့သည်လမ်းကြိုလမ်းကြားများ တို့ကိုသာ အသုံးပြုကြ၏။
5:7 ဣသရေလနိုင်ငံရှိမြို့တို့သည်လူသူ ဆိတ်ညံလျက်ရှိ၏။ ငါဒေဗောရသည်ဣသရေလလူမျိုး၏ မိခင်သဖွယ်မပေါ်ထွန်းမီ ထိုမြို့တို့သည်လူသူဆိတ်ညံလျက်ရှိခဲ့၏။
5:8 ထိုနောက်ဣသရေလအမျိုးသားတို့သည် ဘုရားသစ်များကိုရွေးယူကြသောအခါ၊ တိုင်းပြည်တွင်စစ်ဖြစ်လေ၏။ ဣသရေလနိုင်ငံတွင်လူပေါင်းလေးသောင်း ရှိသည့် အနက်ဒိုင်းလွှားတစ်ခုသို့မဟုတ်၊ လှံတစ်ချောင်းကိုကိုင်ဆောင်သူရှိပါ၏လော။
5:9 ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊ စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
5:10 ကုန်းနှီးပေါ်တွင်ထိုင်၍မြည်းဖြူကိုစီးကြ သူတို့နှင့် သွားလာလေရာတွင် ခြေလျင်လျှောက်ရသူတို့ဤအကြောင်း အရာကို စဉ်းစားဆင်ခြင်ကြလော့။
5:11 နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။
5:12 ရှေ့ဆောင်ပါလော့။ အို ဒေဗောရရှေ့ဆောင်ပါလော့။ ရှေ့ဆောင်ပါလော့။ သီချင်းဆိုပါလော့။ ရှေ့ဆောင်ပါလော့။ အဘိနောင်၏သားဗာရက်ရှေ့သို့ချီတက်ပါလော့။ သင်၏သုံ့ပန်းတို့ကိုထုတ်ဆောင်သွားပါလော့။
5:13 ထိုနောက်သစ္စာရှိသူတို့သည်မိမိတို့၏ ခေါင်းဆောင်များထံသို့လာကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည်စစ်ပွဲဝင်ရန် အသင့်ပြင်လျက်သူ့ထံသို့လာကြ၏။
5:14 သူတို့သည်ဗင်္ယာမိန်အနွယ်ဝင်တို့နောက်က လိုက်၍ ဧဖရိမ်နယ်မြေမှချိုင့်ဝှမ်းထဲသို့ဆင်းလာ ကြ၏။ စစ်သူကြီးများသည်မာခိရအနွယ်ထဲမှ လည်းကောင်း စစ်အရာရှိတို့သည်ဇာဗုလုန်အနွယ် ထဲမှလည်းကောင်းဆင်းလာကြ၏။
5:15 ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။ သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
5:16 သူတို့သည်အဘယ်ကြောင့်သိုးများနှင့်အတူ နေရစ်ခဲ့ကြပါသနည်း။ သိုးစုများအားသိုးထိန်းတို့ခေါ်သံကို နားထောင်လို၍လော။ ရုဗင်အနွယ်ဝင်တို့ညီညွတ်မှုမရှိသည်ကား မှန်၏။ သူတို့သည်မိမိတို့၏စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
5:17 ဂိလဒ်အနွယ်ဝင်တို့သည်ယော်ဒန်မြစ် အရှေ့ဘက်တွင်နေရစ်ကြ၏။ ဒန်အနွယ်ဝင်တို့သည်လည်းသင်္ဘောများ အနီးတွင်နေရစ်ကြ၏။ အာရှာအနွယ်ဝင်တို့သည်ပင်လယ်ကမ်းခြေ အနီးတွင်နေရစ်ကြလေသည်။
5:18 သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊ မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။
5:19 ရှင်ဘုရင်တို့သည်လာ၍မေဂိဒ္ဒေါချောင်း အနီး တာနက်မြို့၌တိုက်ခိုက်ကြ၏။ ခါနာန်ဘုရင်တို့သည်တိုက်ခိုက်ကြသော်လည်း ငွေကိုလုယူခွင့်မရကြ။
5:20 ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။ သူတို့သည်မိုးကောင်းကင်ကိုဖြတ်သန်းသွားစဉ် သိသရကိုတိုက်ခိုက်ကြ၏။
5:21 အဟုန်ပြင်းသည့်ကိရှုန်မြစ်သည်ရေလျှံ၍ ရန်သူတို့အားမျောပါသွားစေ၏။ ငါချီတက်မည်။ ခွန်အားဗလနှင့်ရှေ့သို့ ချီတက်မည်။
5:22 ထိုအခါမြင်းတို့သည်ဒုန်းစိုင်း၍မြေကို ခွာနှင့် ပေါက်လျက်လာကြ၏။
5:23 ထာဝရဘုရား၏ကောင်းကင်တမန်က ``မေရောဇမြို့ကိုကျိန်ဆဲကြလော့။ ထိုမြို့သားတို့အားကျိန်ဆဲကြလော့။ သူတို့သည်ထာဝရဘုရား၏ဘက်မှ ကူညီရန်မလာကြ။ ထာဝရဘုရားအတွက်တိုက်ခိုက်ရန် စစ်သည်တော်များမလာကြ'' ဟုမြွက်ဆို၏။
5:24 ကေနိအမျိုးသားဟေဗာ၏ဇနီးယေလသည် တဲရှင်တွင်နေထိုင်သူ၊အမျိုးသမီးတို့အနက် မင်္ဂလာအရှိဆုံးဖြစ်၏။
5:25 သိသရသည်ရေကိုတောင်းသော်လည်းယေလက နို့ကိုပေး၏။ လှပသောခွက်ဖလားဖြင့်နို့ကိုပေး၏။
5:26 သူသည်တဲရှင်ငုတ်ချွန်တစ်ခုကိုလက်တစ်ဘက်နှင့် ယူ၍အလုပ်သမားတူတစ်လက်ကို အခြားလက်တစ်ဖြင့်ကိုင်ပြီးလျှင်သိသရ၏ ဦးခေါင်းကိုရိုက်သွင်းလိုက်ရာ ငုတ်ချွန်သည်သူ၏ဦးခေါင်းကိုထုတ်ချင်း ပေါက်၍သွားလေသည်။
5:27 သိသရသည်လဲကျပြီးလျှင်ယေလ၏ ခြေရင်း၌ မလှုပ်မရှားဘဲနေ၏။ သူသည်မြေပေါ်သို့လဲကျကာယေလ၏ခြေရင်း၌ သေလျက်နေ၏။
5:28 သိသရ၏မိခင်သည်ပြူတင်းပေါက်မှမျှော် ၍ကြည့်၏။ သူသည်တရုတ်ကပ်၏နောက်မှငေး၍ကြည့်၏။ ``သူ၏ရထားသည်အဘယ်ကြောင့်ကြန့်ကြာ၍ နေပါသနည်း။ သူ၏မြင်းတို့သည်အဘယ်ကြောင့်အပြန်နှေးလျက် နေပါသနည်း'' ဟုမြည်တမ်းပြောဆိုလျက်နေ၏။
5:29 သူ၏ပညာရှိနန်းတွင်းသူတို့က``သူတို့သည် ဖမ်းဆီးသိမ်းယူ၍ဝေငှရန်အတွက်၊ ပစ္စည်းဥစ္စာများကိုရှာဖွေလျက်ရှိကြပါမည်။ စစ်သားတစ်ယောက်စီအတွက်အပျိုကညာ တစ်ယောက်နှစ်ယောက်ကိုလည်းကောင်း၊ သိသရအတွက်အဖိုးထိုက်အဝတ် အထည်နှင့် မိဖုရားအတွက်၊ ပန်းထိုးလည်စည်းတန်ဆာတို့ကိုလည်းကောင်း ရှာဖွေလျက်နေသောကြောင့်ပင်ဖြစ်တန်ရာ၏'' ဟု ပြန်လည်ဖြေကြားကြသဖြင့်သူကိုယ်တိုင်လည်း ထိုအတိုင်းအဖန်တလဲလဲတွေးတောလျက် နေသတည်း။
5:31 အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။