Judges 8
8:1 ထိုနောက်ဧဖရိမ်နယ်သားတို့ကဂိဒေါင် အား``သင်သည်မိဒျန်အမျိုးသားတို့ထံသွား ရောက်တိုက်ခိုက်စဉ်အခါက အဘယ်ကြောင့် ငါတို့အားမခေါ်ဘဲနေပါသနည်း။ အဘယ် ကြောင့်ဤသို့ငါတို့အားပြုပါသနည်း'' ဟု ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
8:2 သို့ရာတွင်ဂိဒေါင်က``သင်တို့ပြုခဲ့သမျှ နှင့်နှိုင်းယှဉ်ကြည့်လျှင် ငါပြုခဲ့သမျှသည် ဘာမျှမဖြစ်လောက်ပါ။ သင်တို့ပြုသည့် အမှုအနည်းငယ်ကပင်လျှင် ငါတို့သား ချင်းစုတစ်ရပ်လုံးပြုသည့်အမှုထက်ပို၍ တန်ဖိုးရှိပါ၏။-
8:3 သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
8:4 ထိုအခါ၌ဂိဒေါင်နှင့်သူ၏တပ်သားသုံး ရာတို့သည် ယော်ဒန်မြစ်သို့ရောက်ရှိလာ ကာမြစ်ကူးဖြတ်ပြီးဖြစ်သည်။ သူတို့သည် အလွန်ပင်ပန်းနွမ်းနယ်လျက်နေကြသော် လည်းရန်သူအားဖိ၍လိုက်လျက်ပင်။-
8:5 ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။-
8:6 သို့ရာတွင်သုကုတ်မြို့မှခေါင်းဆောင်များ က``ငါတို့သည်အဘယ်ကြောင့်သင်၏တပ် သားများအား အစာရေစာပေးရပါမည် နည်း။ ဇေဘဟနှင့်ဇာလမုန္နတို့ကိုသင်တို့ မဖမ်းမိသေးပါတကား'' ဟုပြန်ပြော ကြ၏။
8:7 သို့ဖြစ်၍ဂိဒေါင်က``ကောင်းပြီ၊ ဇေဘဟ နှင့်ဇာလမုန္နတို့အား ငါ၏လက်သို့ဘုရားသခင်အပ်တော်မူသောအခါ ငါသည်သင် တို့ကိုသဲကန္တာရမှဆူးပင်များနှင့်ရိုက် နှက်မည်'' ဟုဆိုလေသည်။-
8:8 ထိုနောက်သူသည်ပေနွေလမြို့သို့သွား၍ ရှေးနည်းတူ ထိုမြို့သားတို့ထံမှအကူအညီ တောင်းခံသော်လည်း ပေနွေလမြို့သားတို့က သုကုတ်မြို့သားတို့နည်းတူပြန်လည်ဖြေ ကြားကြ၏။-
8:9 ထို့ကြောင့်ဂိဒေါင်သည်သူတို့အား``စစ်ငြိမ်း၍ ငါပြန်လာသောအခါ၌ ဤခံတပ်မျှော်စင် ကိုဖျက်ဆီးပစ်အံ့'' ဟုဆိုလေသည်။
8:10 ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-
8:11 ဂိဒေါင်သည်နောဗာမြို့နှင့်ယုဗ္ဗေဟမြို့အရှေ့ ဘက်သဲကန္တာရအစွန်လမ်းအတိုင်းလိုက်ပြီး လျှင် ထိုတပ်မတော်အားရုတ်တရက်အမှတ် မထင်ဝင်ရောက်တိုက်ခိုက်လေသည်။-
8:12 ထိုအခါမိဒျန်ဘုရင်နှစ်ပါးဖြစ်သော ဇေဘဟ နှင့်ဇာလမုန္နတို့သည်ထွက်ပြေးကြ၏။ သို့ရာ တွင်ဂိဒေါင်သည်သူတို့ကိုလိုက်လံဖမ်းဆီးရ မိသဖြင့် သူတို့၏တပ်မတော်ကြီးတစ်ခုလုံး မှာကစဥ့်ကရဲပြိုလဲ၍သွားတော့၏။
8:13 ဂိဒေါင်သည်ဟေရက်တောင်ကြားလမ်းဖြင့် တိုက်ပွဲမှပြန်လာသောအခါ၊-
8:14 သုကုတ်မြို့သားလူငယ်တစ်ဦးကိုဖမ်းဆီး၍ စစ်ဆေးမေးမြန်းကြည့်ရာ ထိုသူငယ်ကသုကုတ် မြို့မှခေါင်းဆောင်ခုနစ်ဆယ့်ခုနစ်ယောက်တို့ ၏အမည်များကိုဂိဒေါင်အားရေးပေး၏။-
8:15 ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-
8:16 သဲကန္တာရမှဆူးခက်များကိုယူ၍ သုကုတ် မြို့သားခေါင်းဆောင်တို့အားရိုက်နှက်လေ သည်။-
8:17 သူသည်ပေနွေလမြို့မှခံတပ်မျှော်စင်ကို လည်းဖြိုချ၍ ထိုမြို့သားတို့ကိုသုတ်သင် ပစ်လိုက်၏။
8:18 ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။ သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။
8:19 ဂိဒေါင်က``သူတို့သည်ကားငါ့အမိ၏သား များဖြစ်၍ ငါ၏ညီများဖြစ်သည်။ အကယ် ၍သင်တို့သည်သူတို့အားမသတ်ခဲ့ပါမူ ငါသည်လည်းသင်တို့အားသတ်လိမ့်မည် မဟုတ်ကြောင်း ထာဝရဘုရားကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြော၏။-
8:20 ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဓားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။
8:21 ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။
8:22 ထိုနောက်ဣသရေလအမျိုးသားတို့သည် ဂိဒေါင်အား``ကိုယ်တော်သည်အကျွန်ုပ်တို့အား မိဒျန်အမျိုးသားများလက်မှကယ်ဆယ်ခဲ့ ပါ၏။ ထို့ကြောင့်ကိုယ်တော်နှင့်သားမြေးစဉ် ဆက်အပေါင်းသည် အကျွန်ုပ်တို့ကိုအုပ်စိုး တော်မူပါ'' ဟုလျှောက်ထားကြ၏။
8:23 ဂိဒေါင်ကလည်း``ငါသည်သင်တို့အားအုပ် စိုးလိမ့်မည်မဟုတ်။ ငါ၏သားသည်လည်း အုပ်စိုးလိမ့်မည်မဟုတ်။ သင်တို့အားထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်'' ဟုပြန် ပြောလေသည်။-
8:24 သို့ရာတွင်သူသည်ဆက်လက်၍``သင်တို့ထဲ မှငါတောင်းခံလိုသည့်အရာတစ်ခုရှိပါ သည်။ သင်တို့ရယူထားသည့်ရွှေနားကွင်း များကိုငါ့အားပေးကြလော့'' ဟုဆို၏။ (မိဒျန်အမျိုးသားတို့သည်အခြားသဲကန္တာရ နေသူများကဲ့သို့ပင် ရွှေနားကွင်းများကို တပ်ဆင်လေ့ရှိသတည်း။)
8:25 လူတို့ကလည်း``ရွှေနားကွင်းများကို အကျွန်ုပ် တို့ဝမ်းမြောက်စွာကိုယ်တော်အားပေးပါမည်'' ဟုပြန်လျှောက်ပြီးလျှင်စောင်ကိုခင်း၍ မိမိ တို့ရယူထားသမျှသောနားကွင်းများကို လူတိုင်းလာရောက်ချထားကြ၏။-
8:26 မိဒျန်ဘုရင်တို့ဝတ်ဆင်ထားသည့်တန်ဆာ များ၊ လည်ဆွဲများ၊ နီမောင်းသောအဝတ်နှင့် ကုလားအုတ်လည်ပတ်ကြိုးများအပြင်၊ ဂိ ဒေါင်ရရှိသည့်ရွှေနားကွင်းများ၏အလေး ချိန်မှာပေါင်လေးဆယ်ကျော်ရှိသတည်း။
8:27 ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။
8:28 သို့ဖြစ်၍မိဒျန်အမျိုးသားတို့သည် ဣသ ရေလအမျိုးသားတို့၏နှိမ်နင်းခြင်းကိုခံ ရ၍ နောက်တစ်ဖန်သူတို့အတွက်ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်တော့ချေ။ တိုင်းပြည်သည်လည်း ဂိဒေါင်ကွယ်လွန်ချိန်တိုင်အောင် နှစ်ပေါင်းလေး ဆယ်မျှငြိမ်းချမ်းသာယာလျက်နေသတည်း။
8:29 ဂိဒေါင်သည်မိမိ၏ကိုယ်ပိုင်နေအိမ်သို့ ပြန် လည်သွားရောက်နေထိုင်လေသည်။-
8:30 သူ၌မယားအမြောက်အမြားရှိသဖြင့် သားခုနစ်ဆယ်ကိုရ၏။-
8:31 ရှေခင်မြို့တွင်လည်းမယားငယ်တစ်ယောက်ရှိ သဖြင့် ထိုမယားမှသားတစ်ယောက်ကိုရရှိ ပြန်သည်။ သူသည်ထိုသားကိုအဘိမလက် ဟုအမည်မှည့်၏။-
8:32 ယောရှ၏သားဂိဒေါင်သည်အသက်ကြီးရင့် ၍ကွယ်လွန်သော်သူ၏ရုပ်အလောင်းကို အဗျေ ဇာသားချင်းစု၏ဌာနေဖြစ်သောသြဖရမြို့ ရှိအဖယောရှ၏သင်္ချိုင်းဂူ၌သင်္ဂြိုဟ်ကြ၏။
8:33 ဂိဒေါင်ကွယ်လွန်ပြီးနောက်ဣသရေလအမျိုး သားတို့သည် ဘုရားသခင်အားတစ်ဖန်သစ္စာ ဖောက်ကြပြန်၏။ ဗာလဘုရားများကိုဝတ် ပြုကိုးကွယ်ကြပြန်၏။ သူတို့ကပဋိညာဉ် ပြုထားသည့်ဗာလဘုရားကို မိမိတို့၏ ဘုရားအဖြစ်ချီးမြှောက်ကာ၊-
8:34 မိမိတို့အားပတ်လည်ဝိုင်းလျက်နေသည့်ရန် သူများ၏လက်မှ ကယ်ဆယ်တော်မူခဲ့သော ဘုရားသခင်ထာဝရဘုရားကိုမူဝတ်မ ပြုတော့ချေ။-
8:35 သူတို့သည်ဣသရေလလူမျိုးအတွက် ဂိဒေါင် ပြုခဲ့သမျှသောကောင်းကျိုးများအတွက် သူ၏အိမ်ထောင်စုသားများအပေါ်တွင် ကျေးဇူးကန်းကြကုန်သည်။