1 Samuel 2
2:1 ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။
2:2 ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ သကဲ့သို့ အဘယ်သူမျှမသန့်ရှင်းမမြင့်မြတ်ပါ။ ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိပါ။ ကျွန်မတို့ကိုးကွယ်သောဘုရားကဲ့သို့ ကာကွယ်စောင့်ရှောက်နိုင်သူမရှိ။-
2:3 ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။
2:4 ခွန်အားကြီးသောစစ်သူရဲများ၏လေးတို့သည် ကျိုးပဲ့ကုန်လျက်၊အားအင်ချည့်နဲ့သူတို့သည် ခွန်အားကြီးမားလာကြ၏။
2:5 အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။ သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။ မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍ သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။
2:6 ထာဝရဘုရားသည်သေစေခြင်း၊ရှင်စေခြင်း ကိုလည်းကောင်း၊ မရဏာနိုင်ငံသို့ပို့ဆောင်ခြင်း၊ပြန်လည် ခေါ်ဆောင်ခြင်းကိုလည်းကောင်းပြုတော်မူ၏။
2:7 ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
2:8 ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။
2:9 ``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။
2:10 ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''
2:11 ထိုနောက်ဧလကာနသည် ရာမမြို့ရှိမိမိ၏နေ အိမ်သို့ပြန်လေ၏။ သို့ရာတွင်သူငယ်ရှမွေလ မူကားရှိလောမြို့တွင်နေရစ်၍ ယဇ်ပုရောဟိတ် ဧလိ၏လက်အောက်၌ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လေ၏။
2:12 ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-
2:13 လူတို့ထံမှယဇ်ပုရောဟိတ်တို့တောင်းဆိုပိုင်ခွင့် နှင့်ဆိုင်သောပြဋ္ဌာန်းချက်များကိုလည်းကောင်း ပမာဏမပြုဘဲယဇ်ပူဇော်နေသူထံသို့ မိမိ တို့၏အစေခံကိုသုံးခွခက်ရင်းနှင့်စေလွှတ် တတ်ကြ၏။ ထိုအစေခံသည်အိုးကင်းတွင် ချက်ပြုတ်နေဆဲအသားကို၊-
2:14 ခက်ရင်းဖြင့်ထိုးကာပါလာသမျှကို မိမိ၏ ယဇ်ပုရောဟိတ်အတွက်ယူသွားတတ်လေသည်။ ယဇ်ပူဇော်ရန်ရှိလောမြို့သို့ရောက်ရှိလာကြ သောဣသရေလအမျိုးသားအားလုံးပင် လျှင်ဤနည်းအတိုင်းပြုကျင့်ခြင်းကိုခံရ ကြ၏။-
2:15 ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။
2:16 အကယ်၍ယဇ်ပူဇော်နေသူက``ငါတို့သည် ထုံးစံရှိသည်အတိုင်းဆီဥကိုဦးစွာမီးရှို့ ပူဇော်ပြီးမှ သင်နှစ်သက်ရာအသားကိုယူ ပါလေ'' ဟုဆိုခဲ့သော်ယဇ်ပုရောဟိတ်အစေခံ သည်``အသားကိုယခုငါ့အားပေးလော့။ မပေး လျှင်အတင်းအဓမ္မယူရလိမ့်မည်'' ဟုဆို တတ်၏။
2:17 ဧလိ၏သားတို့ဤသို့ပြုသောအမှုသည် ထာဝရဘုရား၏ရှေ့တော်တွင်လွန်စွာအပြစ် ကြီး၏။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ထာဝရဘုရားအားပေးလှူသောပူဇော် သကာများကိုမခန့်မညားပြုကြ သောကြောင့်ဖြစ်၏။
2:18 ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။-
2:19 သူ၏အမိသည်နှစ်စဉ်ပူဇော်နေကျယဇ်ကို တင်လှူရန် ခင်ပွန်းသည်နှင့်အတူလိုက်ပါ လာသောအခါ ဝတ်လုံငယ်တစ်ခုကိုချုပ်၍ ယူဆောင်လာတတ်၏။-
2:20 ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။ ထိုနောက်သူတို့သည်မိမိတို့နေအိမ်သို့ပြန် သွားကြ၏။
2:21 ထာဝရဘုရားသည်ဟန္နကိုကောင်းချီးပေး တော်မူသဖြင့် သူသည်သားသုံးယောက်နှင့် သမီးနှစ်ယောက်ကိုရလေသည်။ သူငယ် ရှမွေလသည်ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လျက်ကြီးပြင်းလာ၏။
2:22 ယခုအခါ၌ဧလိသည်လွန်စွာအိုမင်းလျက် ရှိ၏။ မိမိ၏သားများကဣသရေလအမျိုး သားတို့အားပြုသမျှတို့ကိုလည်းကောင်း၊ သူ တို့သည်ထာဝရဘုရားစံတော်မူရာတဲတော် အဝင်ဝ၌ အလုပ်တာဝန်ကျသူအမျိုးသမီး များနှင့်ပင်မှားယွင်းကြကြောင်းကိုလည်း ကောင်းဧလိကြားသိရသည်။-
2:23 ထို့ကြောင့်ဧလိက``သင်တို့သည်အဘယ်ကြောင့် ဤအမှုတို့ကိုပြုကြသနည်း။ သင်တို့ပြု သည့်ဒုစရိုက်ကိုလူတိုင်းပင်ပြောကြား လျက်ရှိ၏။-
2:24 ငါ့သားတို့ထာဝရဘုရား၏လူမျိုးတော် တို့ပြောဆိုနေကြသောအကြောင်းမှာ ဆိုး ရွားလှပါသည်တကား။-
2:25 လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။ သို့ရာတွင်သူတို့သည်ဖခင်၏စကားကို နားမထောင်ကြ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အားကွပ်မျက် ရန်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်တည်း။
2:26 သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။-
2:27 ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။-
2:28 ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-
2:29 သို့ဖြစ်၍သင်သည်ငါ၏အမိန့်အရဆက်သ သည့်ယဇ်နှင့်ပူဇော်သကာများကို အဘယ် ကြောင့်လောဘစိတ်နှင့်ကြည့်ဘိသနည်း။ ဧလိ၊ သင်သည်ငါ၏လူမျိုးတော်တင်လှူသည့်ယဇ် ကောင်ရှိသမျှမှအကောင်းဆုံးအပိုင်းတို့ ကို အဘယ်ကြောင့်သင်၏သားတို့အားဝစွာ စားခွင့်ပြုပါသနည်း။ အဘယ်ကြောင့်သူ တို့အားငါ့ထက်ပင်ပို၍ဂုဏ်ပြုချီးမြှင့် ပါသနည်း။-
2:30 ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
2:31 နားထောင်လော့။ သင့်အိမ်ထောင်စု၊ သင့်သား ချင်းစုထဲမှလူငယ်လူရွယ်ရှိသမျှကို ငါသုတ်သင်ပယ်ရှင်းပစ်မည့်အချိန်ရောက် ရှိလာလိမ့်မည်။ ဤနည်းအားဖြင့်သင်၏ အိမ်ထောင်စုတွင် အဘယ်သူမျှအသက် အရွယ်အိုမင်းသည်တိုင်အောင်နေရကြ လိမ့်မည်မဟုတ်။-
2:32 သင်သည်အခြားဣသရေလအမျိုးသား တို့အား ငါပေးသည့်ကောင်းချီးမင်္ဂလာများ ကိုမြင်၍ စိတ်ပျက်လျက်မနာလိုစိတ်ဖြစ် လိမ့်မည်။ သို့ရာတွင်သင်၏အိမ်ထောင်စုမှ အဘယ်သူမျှ အိုမင်းသည်တိုင်အောင်နေရ တော့မည်မဟုတ်။-
2:33 သို့သော်ငါသည်သင်၏အိမ်ထောင်စုသား တစ်ဦးကိုမူအသက်ရှင်စေမည်။ သူ သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ရမည်ဖြစ်သော်လည်း မျက် စိကွယ်ပြီးမျှော်လင့်ရာမဲ့ဖြစ်လျက်နေလိမ့် မည်။ သင်၏အခြားသားမြေးမှန်သမျှတို့ သည်သေခြင်းဆိုးနှင့်သေရကြလိမ့်မည်။-
2:34 သင်၏သားများဖြစ်ကြသောဟောဖနိနှင့် ဖိနဟတ်တို့သည်တစ်နေ့တည်း၌သေရကြ သောအခါ ငါပြောသမျှသောအမှုအရာ တို့သည်ဖြစ်ပျက်လာလိမ့်မည်ဖြစ်ကြောင်း သင်သိရှိရလိမ့်မည်။-
2:35 ငါ့အားသစ္စာစောင့်၍ငါပြုစေလိုသည့်အတိုင်း ပြုမည့်ယဇ်ပုရောဟိတ်တစ်ဦးကိုငါရွေးချယ် မည်။ သူ့အားသားမြေးများထွန်းကားစေမည်။ ထိုသူတို့သည်ငါဘိသိက်ပေးသည့်ဘုရင် ရှေ့မှောက်တွင်အစဉ်အမြဲအမှုထမ်းရကြ လိမ့်မည်။-
2:36 အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။