Genesis 10
10:1 နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။
10:2 ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ တိရတ် တို့ဖြစ်ကြ၏။
10:3 ဂေါမာ၏သားများမှာ အာရှကေနတ်၊ ရိဖတ်၊ တောဂါမ တို့ဖြစ်ကြ၏။
10:4 ယာဝန်၏သားများမှာ ဧလိရှာ၊ တာရှု၊ ခိတ္တိမ်၊ ဒေါဒနိမ် တို့ဖြစ်ကြ၏။
10:5 ဤသူတို့မှတစ်ဆင့် ကမ်းရိုးတန်းဒေသ၌နေထိုင်သောလူမျိုးများ ပြန့်ပွားလာကြ၏။ သူတို့အသီးသီးသည် အတိုင်းတိုင်းအပြည်ပြည်၌ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြ၏။
10:6 ဟာမ၏သားများမှာ ကုရှ၊ မိဇရိမ် ၊ ဖုတ၊ ခါနာန် တို့ဖြစ်ကြ၏။
10:7 ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
10:8 ကုရှသည် သားနိမ်ရောဒကိုလည်းရ၏။ နိမ်ရောဒသည် ကမ္ဘာမြေကြီးပေါ်မှာ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။
10:9 သူသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းထက်သောမုဆိုးဖြစ်၏။ ထို့ကြောင့် “ထာဝရဘုရား၊ ထံတော်ပါးဝယ်၊ စွမ်းအားပြည့်ဖြိုး၊ မုဆိုးမည်ရ၊ နိမ်ရောဒအလား”ဟု ဆိုလေ့ရှိကြ၏။
10:10 သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
10:11 သူသည် ထိုပြည်မှ အဆီးရီးယားပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကိုလည်းကောင်း၊
10:12 နိနေဝေမြို့နှင့် ကာလမြို့ကြား၌ ကြီးမားသောမြို့ဖြစ်သည့် ရေသင်မြို့ကိုလည်းကောင်း တည်လေ၏။
10:13 မိဇရိမ်သည် လုဒိမ်လူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ်လူမျိုး၊ နတ္တုဟိမ်လူမျိုး၊
10:14 ပါသရုသိမ်လူမျိုးနှင့် ဖိလိတ္တိလူမျိုးဆင်းသက်လာရာ ကာသလုဟိမ်လူမျိုး၊ ကတ္တောရိမ်လူမျိုးတို့၏ဖခင်ဖြစ်၏။
10:15 ခါနာန်မှ မွေးဖွားလာသူများမှာ သားဦး ဆီဒုန်၊ ထို့နောက် ဟေသ၊
10:16 ထို့ပြင် ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊
10:17 ဟိဝိလူမျိုး၊ အာကိလူမျိုး၊ သိနိလူမျိုး၊
10:18 အာဝဒိလူမျိုး၊ ဇေမရိလူမျိုးနှင့် ဟာမသိလူမျိုး တို့ဖြစ်ကြ၏။ ထို့နောက် ခါနာန်လူမျိုး၏မျိုးနွယ်စုများ ကွဲထွက်ပြန့်ပွားကြ၏။
10:19 ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
10:20 ဤသူတို့သည် မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့နယ်မြေ၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြသော ဟာမ၏သားများဖြစ်ကြ၏။
10:21 ရှေမသည်လည်း သားများကိုရ၏။ သူသည် ယာဖက်၏အစ်ကိုဖြစ်ပြီး ဧဗာအမျိုးသားအပေါင်းတို့၏ဖခင်ဖြစ်၏။
10:22 ရှေမ၏သားများမှာ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံ တို့ဖြစ်ကြ၏။
10:23 အာရံ၏သားများမှာ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှ တို့ဖြစ်ကြ၏။
10:24 အာဖာဇဒ်သည် သားရှာလကိုရ၏။ ရှာလသည် သားဧဗာကိုရ၏။
10:25 ဧဗာသည် သားနှစ်ယောက်ရ၏။ သားတစ်ယောက်၏အမည်မှာ ဖာလက် ဖြစ်၏။ အကြောင်းမူကား သူ့ခေတ်ကာလ၌ မြေကြီးသည် ပိုင်းခြားခြင်းခံရ၏။ သူ့ညီ၏အမည်မှာ ယုတ္တန် ဖြစ်၏။
10:26 ယုတ္တန်သည် သား အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
10:27 ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊
10:28 ဩဗလ၊ အဘိမေလ၊ ရှေဘ၊
10:29 ဩဖိရ၊ ဟဝိလ၊ ယောဗပ် တို့ကိုရ၏။ ဤသူအပေါင်းတို့သည် ယုတ္တန်၏သားများဖြစ်ကြ၏။
10:30 သူတို့နေထိုင်ရာအရပ်မှာ မေရှမြို့မှသည် သေဖာမြို့တစ်လျှောက်၊ အရှေ့ဘက်တောင်ပေါ်ဒေသအထိဖြစ်၏။
10:31 ဤသူတို့သည် မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့နယ်မြေ၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြသော ရှေမ၏သားများဖြစ်ကြ၏။
10:32 ဤသည်ကား မိမိတို့ဆွေစဉ်မျိုးဆက်အလိုက် မိမိတို့တိုင်းပြည်၌နေထိုင်ကြသော နောဧသားတို့၏မျိုးနွယ်စုများဖြစ်ကြ၏။ ရေလွှမ်းမိုးပြီးသည့်နောက် ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့သည် ဤသူတို့မှ ပြန့်ပွားလာကြ၏။